Sunday, November 07, 2010

မီးတောင်သေ

Posted by ဏီမိုးz | Sunday, November 07, 2010 | Category: | 0 comments

ခေါင်းစဉ်တောင်ရှာမရတော့ဘူး
တစ်ယောက်ယောက်ကို သူမသိပဲ စောင့်နေတာမျိုး ရှိလား
မြင့်မြတ်တဲ့ သူ က ဒီခေတ်မှာ အရူးဘဲ
တင်းထားတာ မဟုတ်တော့
လျှော့စရာ စိတ်လည်းမရှိတော့ပါ
မေ့တယ်ဆိုတာ မှတ်ထားလို့လေ
ငါက မှတ်ရမှာကို မေ့မေ့နေတာ
ဝတ်မှုန်မကူးရသေးတဲ့ ပန်း ရဲ့
ဥယျာဉ်ပျံအိပ်မက်တွေ
ရေကိုဖြတ်စီးခဲ့ကြ
အသံမြည်တဲ့ သူရဲကောင်းဝါဒတွေ
ဖုံးထားတဲ့လူတွေလိုတာပါ။
အစတုန်းကရင် ဖုံးမထားရင်
ဖွင့်စရာမှ မရှိတော့တာ။

ကမ္ဘာကြီး စောင်းရတဲ့အကြောင်း

Posted by ဏီမိုးz | | Category: | 0 comments

နာရီကို မေ့ထားချင်တဲ့အခါ
လွမ်းမတဲ့ လွမ်းနေ

ဒီည မမြင်ရတဲ့ မီးပန်းတွေ
သတိရခြင်းကိုသာ ပိုင်ဆိုင်တယ်။

အစွဲအလန်းက
သောက်လက်စကော်ဖီကို အေးစေတယ်။

ရူရတဲ့လေက အစ
ဖီလင်ဖြစ်လာတဲ့အခါ

ကိုယ့်လက်ကိုယ် နာနာကိုက်မိတယ်။

မျက်နှာဖုံးကကို မျက်နှာဖြစ်နေပြီ။

ကျောကို ပြားနေအောင် ကပ်ထားခဲ့ ပြီးပါပြီ
နိုဝင်ဘာ

Sunday, September 26, 2010

xxxxxx ကြယ်ရူး xxxxxx

Posted by ဏီမိုးz | Sunday, September 26, 2010 | Category: | 0 comments


( ငေးကြည့်ခဲ့ရတဲ့ ကြယ်တွေ )

အရည်ပျော်တယ်ဆိုလည်း ပေါ့ပေါ့ပါးပါးပဲ။

ပန်းတွေ အပင်ပေါ် ပိုလှသလို
ဆံပင်ပေါ် ပိုလှသလို
မေတ္တာသက်ဝင်မိသူ
မွေးနေ့မှာ မြစ်ဆိပ်ရောက်ခဲ့တယ်။

ဘာရယ်မဟုတ်ဘူး
ရင်ခုန်ရုံ သက်သက်သာ
အနားမှာသူမရှိပေမဲ့ သူရှိနေသလို
ရင်ဘတ်တွေ အောင့်အောင့်လာတာမျိုး
အဲ့ဒီ ညနေ
သိမ်း(စ်)မြစ်ဟာ သွေးမြစ်ဖြစ်ခဲ့တယ်။

ကောင်းကင်အတု
ဒစ်ဂျစ်တယ်မိုး
မျက်ရည်ကော်ဖီ
ရုပ်ရှင်ကြည့်ပြီး
ရုပ်ရှင်ထဲကအသံတွေ စွဲနေတယ်။

ဆံပင်တွေသာ ရှည်ရှည်လာခဲ့ရတယ်
ကျနော် အရပ်မရှည်ချင်တော့ဘူး။

Sunday, July 25, 2010

ပြန် ပြောင်း ပြော ကြည့် လိုက်

Posted by ဏီမိုးz | Sunday, July 25, 2010 | Category: | 0 comments



ဒိုင်ယာရီဆိုတာ
တစ်ကြောင်းထဲ ပြည့်နေဖို့တော့ မကောင်းဘူး။

ကန့်လန့်ဖြတ်ဖြစ်ဖြစ်
ဒေါင်လိုက်ဖြစ်ဖြစ်
အခန်းထဲ
ဘာသဲလွန်စမှ မကျန်အောင်
ချန်ထားခဲ့တယ်။

ဒေါက် ဒေါက် ဒေါက်
ဖြတ်လျှောက်သွားတယ်။
ထပ်ခေါက်သွားတယ်။

ငြိမ်နေရင် မလှုပ်နဲ့။
လေသံတစ်ချက်မှမထွက်နဲ့။

အမှောင်ဟာ
အလင်းထက်
ပိုမြန်တယ်။

လေတိုက်ရာအရပ်ကို မျက်နှာမူလို့
တစ်ညလုံး အာရုဏ်ဦးကို စောင့်ကြည့်တယ်။

ပြန်ပြောမယ်။
ငြိမ်နေရင် မလှုပ်နဲ့။
ဒိုင်ယာရီဆိုတာ
အလင်းထက်
ပိုမြန်တယ်။
ဘာသဲလွန်စမှ မကျန်အောင်
ဖြတ်လျှောက်သွားတယ်။

ကန့်လန့်ဖြတ်ဖြစ်ဖြစ်
ဒေါင်လိုက်ဖြစ်ဖြစ်
တစ်ကြောင်းထဲ ပြည့်နေဖို့တော့ မကောင်းဘူး။
အခန်းထဲ
လေသံတစ်ချက်မှမထွက်နဲ့။
လေတိုက်ရာအရပ်ကို မျက်နှာမူလို့
အမှောင်ဟာ
တစ်ညလုံး အာရုဏ်ဦးကို စောင့်ကြည့်တယ်။

Saturday, July 24, 2010

ခုတ်မောင်းသွားတဲ့ ညနေ

Posted by ဏီမိုးz | Saturday, July 24, 2010 | Category: | 0 comments


ဘာမဆို အတုနဲ့အစစ်ကြား
ပျံသန်းတဲ့ သွေးနုလိပ်ပြာ

ဘယ်လောက်လွမ်းကြောင်းပြောဖို့
အနားမှာ ဘယ်သူမှ မရှိတဲ့အခါ
ပျော်စရာဟာ မြေလျိုးပျောက်ကွယ်။

တစ်သက်တစ်ခါ မတော်တစ်ဆ
အလိုလိုပွင့်တဲ့ တံခါးတွေကို
နောက်ဆုတ်ရပ်ကြည့်နေမိတဲ့အခါ
တုန်ယင် အေးစက် လက်များ။

ဘယ်လောက်စောင့်စောင့်
လာမယ်လို့ ပြောမထားခဲ့တဲအခါ
ရက်လနှစ်ကြာ စိတ်ကူးသက်သက်သာ။

အိပ်မက်ရဲ့ အိပ်မက်ထဲက အိပ်မက်တွေ
မတူညီကြတော့တဲ့အခါ
မျက်ဝန်းချင်း နောက်တစ်ခါဆုံဖို့
အသည်းနင့်အောင် ဆုတောင်းကြရတယ်။

Wednesday, July 21, 2010

~~~

Posted by ဏီမိုးz | Wednesday, July 21, 2010 | Category: | 0 comments


ခေါင်းစဉ်မဲ့ကဗျာတွေကို
သူမလို့ နာမည်ပေးထားတယ်။

သွေးကိုမှ ရေသောက်ဆင်းချင်တဲ့ စုန်းပါ။
စိတ်မလုံခြုံမှု
လမ်းပျောက်သူ
ဗီဇ ဖောက်ပြန်မှုနဲ့ ဖီလင်။

ခြင်္သေ့လည်ပြန် အိပ်မက်
အစိမ်းရောင်လမ်း
ရင်ဘတ်တွေ နိမ့်ဆင်းသွားတယ်။

နောင်ဘ၀ထိ သယ်မသွားချင်တော့ဘူး။
သွေးအေးသွားတိုင်း သွေးပြန်ပူလာတယ်
လွတ်လပ်ပြီး ဘယ်တော့မှမလွတ်လပ်တဲ့
စိတ်ကို နာကျည်းတယ်။

Friday, July 16, 2010

ဘယ်လိုလဲဟ ဘလိုလဲဟ

Posted by ဏီမိုးz | Friday, July 16, 2010 | Category: | 0 comments


ဘိလပ်ပြန်ဘိုဘိုတစ်ယောက် ဘတ်ဒေးမှာ ဘိုကေအသစ်နဲ့ ဘော်လုံးကန် ဘာဂါကိုက် ဘိလပ်ရည်သောက်ပြီး ဗိုလ်တစ်ထောင် ဘုရားသွားတော့ ဘတ်စ်ကားပေါ်မှာ ဘိန်းစားတစ်ယောက် ဘောင်းဘီဘယ်ဘက်ဘေးအိတ်ကိုနှိုက်တော့ ဘက်ကစ်ပေးလိုက်တာ ဘွားဘက်တော်မှန်ပြီး ဘိုင်းကနဲ ဘေးက ဗိုက်ကြီးသည်ရဲ့ ဗိုက်ပေါ်လဲတော့ ဗွက်ကိုပေါက်သွားတာပဲ။ဘိုးတော်လည်း ဘေးတွေ့မှာကြောက်တော့ ချွေးတွေ ဘူးသီးလုံးလောက်ကျပြီး ဘွတ်ဖိနပ်ကိုကိုင် ဘိုင်ပြတ်နေလို့ပါတောင်းပန်တော့ ဘော်ဒါဘော်ကျွတ်တွေနဲ့ တိုင်ပင်ပြီး ဘဲစားဘဲချေဖြစ်အောင် သူဘတ်ထားတဲ့ငွေတွေနဲ့ ဘီယာနဲ့ဘဲကင်ကို ဘားလမ်းထဲမှာ ဗိုက်ပေါက်အောင် ဘေလွှတ်လိုက်တာ ဘေလ်ရှင်းရတော့ ဘိန်းစား ဘိန်းပြတ်သလို၊ ဘီးလေလျော့တဲ့ရုပ်နဲ့ ဘယ်တော့မှမလုပ်တော့ဘူးလို့ ဗလောင်းဗလဲတွေပြော ဘွတ်အဲလိုအော်ပြီ ဘတ်လတ်ဘတ်လတ်ပြန်သွားတယ်။ဘာမှမဆိုင်ပဲ ဘေးလူတွေကတော့ ဘိုးဘေးဘီဘင်တွေအတိုင်း ဘလိုင်းကြီး ဘေးထိုင် ဘုပြောနေကြတုန်းပဲ ဘဲကြီးရာ။သြော်....ဘယ်သူ ဘာမှားလဲဆိုတာ ဘာဘာ ဘာမှမသိတော့ပါဘူး ဘူးဘူးရယ်။
ဘူးသီးတောင်မှာလည်း ဘဲဥပြုတ်ရောင်းတဲ့ ဗိုက်ပူမတစ်ယောက် ဘတ်ဂျက်ပြတ်ပြီး ဘူလာတော့ ဘုန်းကြီးကျောင်းမှာ ဘုန်းဘုန်းကို ဘယာကြော်တွေကပ်ပြီး ဘ၀သံသရာအကြောင်း လျှောက်တယ်။ဘုံ၃၁ဘုံမှာ လူ့ဘုံတစ်ခုတည်း ဘောဂဗေဒရှိတာ ဘိုးဘိုးအောင်လည်း ဘာမှမတတ်နိုင်ပါဘူးကွာ ဘွင်းဘွင်းပြောရရင် အားလုံးဘန်းထဲက ဘိန်းမုန့်တွေလိုပါပဲလို့ ဗီတာမင်ဘီမရှိတဲ့အသံနဲ့ပြောပြီး ဘောက်ဆတ်ဘောက်ဆတ်ပြန်ကြွသွားတယ်။ဘန်ကားမစီးနိုင်လို့ ဘဲမကြည်တာလို့ ဘေးအိမ်ကဘာညာဘာညာ ဘေးတီးကြတဲ့အတိုင်း ဘတ်ငွေတွေကို အားကျပြီး ဗီလိန်တစ်ယောက်နဲ့ ဘိတ်ကနေတစ်ဆင့် နောက်ဆုံးဘန်ကောက်က ဘိ(ကမ်းခြေ)ကိုရောက်သွားရော။ခုတော့ ဗြုတ်စဗျင်းတောင်းတွေနဲ့ပဲ ဗိုက်တစ်လုံးနဲ့ ဘိန်းမုန့်ပြန်ရောင်းနေတာ ဘိနပ်တောင်မပါဘူးဗျာ။ဘယ်သူမှမသိတဲ့ ဘ၀ဘိတ်ဆုံးတန်းမှာ ဗလချိုင့်နဲ့ဘကုံးတွေဟာ ဗုံလိုဖျော်ဖြေနေရတုန်းပါပဲ။ဘုရားစူးရစေ့ ဗိုလ်ချုပ်ပြောသလို ဗလက္ကာရတိုင်းပြည်မှာ ဘယ်မင်းတက်တက် ဘင်လာဒင်ဖြစ်လိုက်ချင်တော့တယ်။သြော်....ဘယ်သူ ဘာမှားလဲဆိုတာ ဘာဘာ ဘာမှမသိတော့ပါဘူး ဘူးဘူးရယ်။

Wednesday, July 14, 2010

သိုးတွေကို ပြောလိုက်ပါ

Posted by ဏီမိုးz | Wednesday, July 14, 2010 | Category: , | 0 comments


ကိုယ့်လူတို့က ဟော့ရှော့ဆို တီးထည့်လိုက်တာပဲ။
အကျယ်ချုပ်ချင်း အတူတူ
ပြောကြတယ်
ကိုယ့်အမြီးကိုယ်မျိုတဲ့ သစ္စာဖောက်တွေတဲ့။

ဖွင့်ပေးလိုက်ရင် ပေါက္ခရ၀ဿမိုးပဲ ရွာမှာပဲ။
ပိတ်ဆို့မှုမလုပ်ပဲ သံလွင်ခက်ကိုင်
သပြေနုခက်ဝေ လုပ်ရမှာလား
အကြောင်းမပြင်ရင် အကျိုးမပြောင်းဘူး။

ကိုယ်မမြင်နိုင်တဲ့ အရောင်ကို
အ၀ါလိုလို အနီလိုလို ပြောကြတယ်။
လူလိုပီပီသသ မနေရတဲ့သူတွေက
ငတ်တယ်ဆိုတဲ့ စာလုံးပေါင်းအမှန်ကိုသိတယ်။

ဘယ်တော့မှ အဆိပ်ပင် ရေမလောင်းဘူး
ဘယ်လောက်ပြောပြော
အသံကြောင့် နောက်ထပ် ဖားတွေသေသွားတယ်ဆိုလည်း
ထိုင်ပြီး ကြွတတဖြစ်နေသေးရင်
လေးဘက်ထောက်ပြီး ကြည့်ပေါ့။

ဝါးလုံးခေါင်းထဲက
လကို ဆွဲထုတ်လိုက်တယ်။
လက်ညှိုးထိုးထိုး မထိုးထိုး
အမျှဝေေ၀ မဝေေ၀
လွတ်ကျသွားတဲ့ အိပ်မက်တွေအတွက်
ယူပြီးရင် ပြန်ပေးကြရမယ်။

Sunday, July 11, 2010

~~~

Posted by ဏီမိုးz | Sunday, July 11, 2010 | Category: | 0 comments


ဆက်လက် မစီးဆင်းနိုင်တော့တဲ့အခါ
ရင်ခုန်သံကို
ခေါင်းစဉ်မပြောင်းပဲ
အကြောင်းအရာ ပြောင်းလိုက်ကြတယ်။

သံလိုမာတဲ့ မျက်လုံး
မိုးကြိုးသွားလို စကားတွေ မပါပဲ
တိတ်တဆိတ်
ကျောခိုင်း ခြေလှမ်း ဝေးရာ။

ယင်ကောင်တွေနဲ့
မလုံတဲ့ အဖုံးတွေ
အိုးချင်းထိတဲ့ ဓလေ့
လွတ်လပ်သူတို့ရဲ့ အ၀ါ။

ပြန်လာပါ
တံခါးဖွင့်ထားခဲ့တယ်
အပြစ်တွေ ဆေးကြောပြီးမှ
အလွမ်းတွေကို အနားပေးတော့မယ်။

သဘာဝမဟုတ်တာတွေအများကြီးထဲမှာ
တို့နှစ်ဦးသား
သူစိမ်းတွေလို ရင်းနှီးခဲ့ကြတယ်။

Friday, July 09, 2010

ကြောင် ၊ ပြာ

Posted by ဏီမိုးz | Friday, July 09, 2010 | Category: , | 0 comments


တစ်ချို့ကြောင်တွေဟာ ရေသောက်ပြီးရင်
ဘယ်တော့မှ ရေပြန်မဖြည့်ကြဘူး
ရေဗူးပါ ဖျောက်ပစ်တယ်။

ကိုးလို့ ကန့်လန့်
မျက်လုံး ပေကလပ် ကြောင်စီစီ
ပယောဂငြိနေတဲ့ကြောင်။

ဆုပ်ကိုင်ထားတာ မရှိရင်
ကြောင်ဟာ ငှက်လို ပျံမယ်။
မမြင်ရတဲ့ကြိုးတွေနဲ့ဆို
အပျံသင်ဖို့ ခက်မယ်။

အပျင်းကြီးတဲ့ ကြောင်တွေကတော့
ငှက်တွေထပျံသွားတာတောင်
မျက်တောင်တစ်ချက် မခတ်ဘူး။

ဒီနေ့ဟာ ကြောင် သန်းပေါင်းများစွာ
ပြာဖြစ်ဖူးခဲ့တဲ့ အထိမ်းအမှတ်နေ့ပါပဲ။
ပဲ့တင်သံ မြှားမိုးရွာ။

မိသားစုပြန်လည်ဆုံစည်းကြဖို့ မျှော်ရင်း
ဘ၀အသစ်စရင်း
ထပ်ပြီးလောင်ကျွမ်းဖို့မရှိကြတော့ဘူး။

Tuesday, July 06, 2010

နရသိန်

Posted by ဏီမိုးz | Tuesday, July 06, 2010 | Category: , | 0 comments


ကမောက်ကမ

အဆုံးမရှိ
အစမရှိ
ဂီတ။

နဝေတိမ်တောင်

တလွဲ မေး
တလွဲ ဖြေ
စမ်းတ၀ါးဝါး။

ခတ်ကွင်းပြင်
ကရွတ်ကွင်းလျှောက်၊

မိုးလင်း
မိုးချုပ်
မီးလောင်။

Sunday, July 04, 2010

''The song impending in April''

Posted by ဏီမိုးz | Sunday, July 04, 2010 | Category: | 0 comments


Listen with passion to me
via the songs.
such as snow which flow slowly and trickle.
By nature,
the busy sense without holiday
uplift the tempo of rememberence
more and more and deeper and deeper inside.
Absent mind takes no notice
that clouds turns its colors
The color of minds easy to spread out more as well.
Dear April....
Please convey me
with invisible rainbow and
waves which is not actually waves
to the little blue sky chamber
And the songs as well.
Flowing with the whistling sound ,
I start playing the guitar.
Oh! The yellow ....
beating more with delight
in the melody ...

ဆိုမိတဲ့ သီချင်း

Posted by ဏီမိုးz | | Category: | 0 comments


သုံးချိုးတစ်ချိုးအကွေ့လေးပေါ့

ရေးလက်စတွေ ဆက်ရေးဖို့

လိုနေတဲ့ကွက်လပ်တွေ ဖြည့်ဖို့

လူတိုင်းခဏနားပြီး အားဖြည့်ကြတဲ့ ဗီတာမင်။


 

အေးမြမြ သစ်ရိပ်

အနည်အမှုန်ကင်းပြီး ကြည်လင်တဲ့ ကျောက်စက်ရေလို

သိမ်မွေ့နက်ရှိုင်းတဲ့ မေတ္တာတရားတွေနဲ့

ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းဖူးခဲ့တဲ့

စိမ်းလန်းတဲ့မိသားစုဘ၀လေးလိုပဲ…


 

ကိုယ်တိုင်

လေထဲက ပန်းစည်းလေးတွေကို ခူးဆွတ်လို့

အိပ်မက်ထဲက ဥယျာဉ်ပျံလေးဆီ …။


 


 


 


 


 

Saturday, July 03, 2010

မျောက်မူးလဲ နှင့် ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀

Posted by ဏီမိုးz | Saturday, July 03, 2010 | Category: | 0 comments


ညောင်ပင်တစ္ဆေဝေလေလေ နင်ဘယ်ကိုင်းမှာနေ။

၂၀၀၇ အုပ်ချုပ်ရေးယန္တရားကို နေပြည်တော်ပြောင်းရွှေ့၊

ရွှေဝါရောင်တော်လှန်ရေးဖြစ် (ဘုန်းကြီးကို ဓါတ်တိုင်မှာကြိုးချည်ပြီး စစ်သားကတုတ်နဲ့ရိုက်လို့ဖြစ်တာ)

၂၀၀၈ အိုလံပစ်ပွဲတော်

၂၅-၀၂-၀၈ မန္တလေး ရတနာပုံဈေးမီးလောင်

နာဂစ်ဆိုင်ကလုံး

(နာဂစ်ကထားပါ။ ရိုးမက ကျွန်းပင်တွေကို စစ်တပ်ကတရားဝင် ဒရဟောခိုးထုတ်နေတော့ လေဖိအားနည်းပြီး တခါမှမ၀င်ဖူးတဲ့ နာဂစ်ကသူ့ဟာသူ မြန်မာပြည်အလည်လာတာ။

ပြည်သူတွေကို အချိန်မှီအသိမပေးနိုင်တာတော့ သူတို့ ၀ဋ်ကြွေးကြီးလို့ပေါ့လေ)

ဆိုတော့ ....ပြည်သူတွေအာရုံမစိုက်နိုင်ပဲ အားလုံးသိတဲ့အတိုင်း မဲပစ်စလက်ခတ် ပိုးစက်ပက်စက် ၀က်ဝက်ကွဲ ဖြင့် ဖွဲစည်းပုံအခြေခံဥပဒေအတည်ပြု။


 

၁-၁၂-၀၉ မော်လမြိုင် အစည်ကားဆုံး အမှတ်(၁)အောက်ဈေးပြာကျ

၂၂-၀၂-၁၀ ရန်ကုန်သင်္ကန်းကျွန်းဈေးမီးလောင်

၂၄-၀၅-၁၀ ရန်ကုန် မင်္ဂလာဈေးမီးလောင်

သင်္ကြန်အင်းလျားလမ်းမဏ္ဏပ်ဗုံးပေါက်ကွဲ

ရေဘေးဒုက္ခတွေ့ (သစ်တောတွေ ပြုံးတီးကုန်တဲ့ ဆိုးကျိုးတွေလေ။ နောက်ထပ် လာအုံးမယ်)

၀၃-၀၆-၁၀ မုံရွာဈေးကြီး မီးလောင်

သီရိမင်္ဂလာဈေးရွှေ့ပြောင်း။

ကြားထဲ နယူးကလီးက ယားလိုက်သေး

မြေအောက်ဥမင်လိုဏ် တူးလိုက်သေး

ကမ္ဘာ့ဖလားဘော်လုံးပွဲနဲ့

သြော် ....မြန်မာပြည်ရွေးကောက်ပွဲ။


 

လူစည်ကားတဲ့ လမ်းတိုင်း ဒေါင့်တိုင်းမှာ လူမိုက်ကြည့်နဲ့သေနတ်ကိုင်စစ်သားတွေ၊

ဖမ်းချင်ရင်ကြိုက်တဲ့ပုဒ်မတပ်ဖမ်း၊ ညသန်းခေါင် ဧည့်စာရင်းစစ်၊

ခရီးတစ်ခါသွားရင် မှတ်ပုံတင် ဆယ်ခါထုတ်ပြရ၊

ကြံ့ဖွတ်၊တစည၊၀ါးရင်းတုတ်၊ပြည်သူ့စစ်၊မီးသတ်၊ရဲ၊သတင်းပေးတွေနဲ့ စစ်ထောက်လှမ်းရေးတွေ

ပွေလိမ်ရှုပ်နေတဲ့ မြန်မာပြည်ထဲမှာ မြေအောက်တော်လှန်ရေးသမားတွေက ဈေးတွေတစ်ခုပြီးတစ်ခုမီးလိုက်ရှို့တယ်လို့ပြောမလား။

အီးပီစီက မီးအားဆောင့်တက်လို့ သွေးရိုးသားရိုး ရှောခ့်ဖြစ်ပြီးလောင်တာလို့ ဆင်ခြေကာမလို့လား။

စနစ်တကျအချိန်ကိုက်အာရုံလွဲအောင်လုပ်ထားတဲ့ သေနင်္ဂဗျုဟာတွေဆိုတာ ရှင်းပါတယ် ဆင်ကြီးရာ။

ရေဒီယိုတောင်အသံတိုးတိုးနဲ့ ခိုးနားထောင်ရတဲ့ခေတ်ကြီးမှာ မင်းပဲတစ်အိမ်တက်ဆင်း အော်လံကြီးပိုက်ပြီး

ရွှေပြည်အေးတရားလိုက်ဟောတော့ ဆင်ကြီးရာ။

ကဲ .... ဗိုလ် ၊ ကျား ၊ သေနတ် ကိုယ်ကြိုက်ရာကိုယ်လုပ် ။


 


 

ဇာတိချက်ကြွေ မွေးရပ်မြေ

Posted by ဏီမိုးz | | Category: | 1 comments


ဒီလို အရောင်မရှိတဲ့နေ့တွေမှာ အတွေးဧကစာပျံ့လို့ တောင်ညိုတောင်တန်းတစ်လျှောက် ဆားနံ့သင်းတဲ့လေတွေအောက်က ရွှေဖြူလို့ ချစ်စနိုးခေါ်ကြတဲ့ ဇာတိမြို့လေးကို ကျနော်လွမ်းတယ်။

စက်စဲကမ်းခြေဘုရားပွဲတော်နဲ့ သဲသောင်ပြင်ပေါ် မြင်းဒုန်းစိုင်းစီးတဲ့အရသာ။ပင်လယ်ထဲကို ခြေလွတ်လက်လွတ်ခုန်ပေါက်ပြေးဝင်လိုက်ရတဲ့ပျော်ရွှင်မှု ။

ကြိတ်ကြိတ်တိုးစည်ကားလှတဲ့ဆံတော်ရှင်၁၁ဆူကျိုက္ခမီရေလည်ဘုရားပွဲတော်နဲ့နံနက်စောစော ဆွမ်းအိုးမျှော်ပွဲ ရှင်ဥပဂုတ် ဖောင်လွှတ်ပွဲ၊ မိသားစုအတူတည်ဖူးခဲ့ကြတဲ့သဲပုံစေတီ။

ကျနော်တို့ နယ်ဘက်တွေက တောင်မြင်ရင် စေတီတည်ကြလားမသိဘူး။ အင်ကြင်းတောင်၊ကကတစ်တောင်၊ဖောင်စိန်တောင်အကုန် စေတီပုထိုးတွေချည်းပဲ။

မြို့ပေါ်က ၀ဲကလိ ရေပူစမ်း ၊ ရေတံခွန် ၊ကျိုက်ဒေစွတ် ဆံတော်ရှင် စေတီတော်ဘုရားပွဲကျရင် ညဘက် တောင်ပေါ်ကို ပျော်ပျော်ကြီးတက်ခဲ့ကြတာ။

ပြင်ဦးလွင်လိုမျိုး စစ်လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုလည်း ၀ဲကလိမှာရှိတယ်။

မြို့အ၀င်မှာ ခရမ်းရော်ဘာချက်စက်ရုံ နဲ့ မြို့အထွက်မှာ အဝေးပြေးကားဂိတ်တစ်ခုရှိတယ်။မြို့မဈေးကြီးတစ်ခုကိုပဲ အဓိကထားပြီး အသုံးပြုကြတယ်။

ဒုတိယကမ္ဘာစစ်ဗြိတိသျှစစ်သားတွေနဲ့ မဟာမိတ်တပ်သားတွေရဲ့ အမှတ်တရစစ်သချိုင်းဘေးက ကံ့ကော်လမ်းနဲ့အမှတ်(၂)အထက၊ ငယ်သူငယ်ချင်းများ၊ကျနော်လူပျိုလှည့်ခဲ့တဲ့ အမှတ်(၁)အထက ကိုလည်းလွမ်းပါ့။

ငယ်ဘ၀ လေသေနတ်ကိုယ်စီနဲ့ ငှက်ပစ်ထွက်ခဲ့ကြတဲ့ ဂျပန်စစ်စခန်းဟောင်း ဂျပန်ဂူ၊ နာမည်ကြီး မိန်ပရ(မှိန်ပျပျ)တောင်တန်း။(ဂျပန်တွေဆုတ်တုန်းက ရွှေငွေအဖိုးတန်းပစ္စည်းတွေ ခုထိမြုပ်နှံထားတုန်းပဲလို့ ပါးစပ်ရာဇ၀င်ရှိတယ်)

ဖောင်စိန်ဆိုတာက ရှေးမွန်ဘုရင်တွေခေတ်က ဆင်တွေရေဆင်ချိုးတဲ့နေရာပေါ့။ မုတ္တမပင်လယ်အော်ထိကို လှေသမ္မာန်တွေသွားလာလို့ရတယ်။ခုတော့ မြစ်ကနေ ချောင်းဖြစ်ပြီး ကောနေပါပြီ။

မေ့နေတာ လူဆိုးတွေနဲ့ ကျောင်းပြေးပြီး ရထားခိုးစီး ကလော့သော့တံတားမှာ လောက်စာလုံးတွေ သွားလုံးပြီး ရေသွားကူးကြတာ။

ကရုပ္ပိတံတားမှာလည်း ငါးသွားမျှားဖူးတယ် ရေစီးတအားသန်တယ်။ငါးမရ ရေချိုးပြန်ခဲ့တာပေါ့။

၁၉၉၀ ၀န်းကျင်လောက်က တံတား၂ ခုလုံး မွန်တော်လှန်ရေးစစ်သားတွေ ဗုံးခွဲဖျက်ဆီးခံရပြီးမှ ပြန်ပြင်ထားတာ။

မှတ်မှတ်ရရ ၉၀ ၀န်းကျင်ပဲ သံဖြူဇရပ်မြို့ကို မွန်တပ်တွေ ၁ ရက်သိမ်းဖူးတယ်။ထူးဆန်းတာက လူတစ်ယောက်မှ အသေအဆုံးမရှိလိုက်ဘူး။သြော် သူ့နယ်သူဝင်သိမ်းတာကိုး။

ခုထိ အသုံးပြုနေဆဲ အဓိကလမ်းမတွေက အင်္ဂလိပ်ခေတ်ကတည်းက ခင်းခဲ့တဲ့လမ်းတွေပဲ။ပေါက်လိုက်ဖာလိုက် ခုထိ ဒါပဲသုံးနေဆဲပဲ။

မော်လမြိုင်တက္ကသိုလ်မှာတော့ သံဖြူဇရပ်သူတွေ ချောတယ်ဆိုပြီး ရေပန်းစားတယ်။

တိုင်းအဆင့်လှယဉ်ကျေးမယ် သိသလောက်တော့ နှစ်ယောက်ပဲ။သံဖြူဇရပ်က နုနုဆွေ ရယ် ကျုံကဒတ်က တစ်ယောက်ရယ်၊ နောက်ပိုင်းတွေတော့ မသိတော့ဘူး။

မိုးရာသီဆို အမြဲတမ်း ဘော်လုံးပွဲတွေနဲ့ ပြည့်နေတဲ့ ကြာကန်ဘော်လုံးကွင်း၊

ကျေးရွာနဲ့ရပ်ကွက်ပေါင်းစုံပေါင်းစုံဘော်လုံးပြိုင်ပွဲ ကျင်းပရာ မြို့မဘော်လုံးကွင်း(ကျနော်တို့ရပ်ကွက်က ဒိုင်းအများဆုံးရဖူးတာပဲ။ကြာကန်သားကွ)

နွေဘက်ဆောင်းဘက်တွေဆို တရားပွဲတွေ ခြိမ့်ခြိမ့်သဲပေါ့။သီတင်းကျွတ်ကျရင် မီးပုံးတွေ တစ်မြို့လုံး အပြိုင်အဆိုင်လွှတ်ကြတာ။

ကျနော်တို့က သိမ်ကျောင်းအဖွဲ့ပေါ့။သူများနဲ့မတူအောင် အကြီးဆုံးမီးပုံးပျံတွေလွှတ်တာ။အဖိတ်နေ့တိုင်း လုပ်အားပေးခဲ့တဲ့ ဥပသကာအဖွဲ့ကိုလည်း သတိရတယ်။

မြို့လယ်က ဆေးအသစ်တွေအမြဲထပ်ထပ်သုတ်ပြီး ဘယ်တော့မှမလည်တဲ့နာရီစင်အို နဲ့ အထိမ်းအမှတ် ဇရပ်၊

မွန်တို့ရဲ့ နန်းမြို့တည်ရာ ၀ါခရူနန်းတော်ဟောင်းနဲ့အဘိုးနဲ့အမြဲလိုက်ကြည့်ခဲ့တဲ့ နွားဝှေ့ပွဲများ၊

လောင်းကြေးတွေက အိမ်တိုင်းက တစ်နှစ်လုံးစုထားတဲ့လောင်ကြေးတွေကို တစ်နယ်လုံးစုပုံလောင်းတာ။

မှောင်ခိုခေတ်တုန်းက ဒုတိယ ပီနန်လို့တင်စားရတဲ့အထိ အကြီးအကျယ်ကုန်သွယ်ခဲ့ကြတယ်။

ဘုရား၃ဆူထိ ၇၂ မိုင်။ယိုးဒယားနယ်စပ်နဲ့က မိုင်၁၀၀ကျော်လောက်ပဲဝေးတယ်။

ပင ထန်းရည်ဆိုင်တွေနဲ့ဆွမ်းလောင်းပွဲတော်။ရွာတွေမှာလည်း ရွာလုံးကျွတ်အလှူပွဲတွေရှိတယ်။

တစ်ရွာလုံး အိမ်တိုင်းအလှူအိမ်၊ လှလှပပ တန်ဆာဆင် သီချင်းတွေဖွင့် ကြိုက်တဲ့အိမ်တက်စား၊ ကြိုက်ရာမုန့်စား။

အရပ်ရပ်ကလာကြတဲ့ လှည်းအလှယာဉ် ရာပေါင်းများစွာ စီတန်းပြီးသွားကြတဲ့ အံခဲ ကမ်းခြေရေလည်ဘုရားပွဲတော် နဲ့

အနင်းဘုရားပွဲတော်လည်း လူတိုင်းပြောစမှတ်ပြုရတဲ့ စည်ကားပြီး နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဘုရားပွဲပါ။

ဆယ့်နှစ်ရာသီပွဲတော်တွေအပြင် ဘုရားပွဲ၊ဘုန်းကြီးပျံ၊ကျေးရွာအလှူတွေပေါင်းတော့ လုံးလုံးပြားပြား ကျုပ်တို့မြို့ဟာ ကျုပ်တို့ကမ္ဘာပဲ။


 

ကမ္ဘာမှာသံဖြူဇရပ်ကလို့ပြောလိုက်ရင် သေမင်းတမန်ရထားလမ်းဆိုပြီး သိကြတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့မြို့လေးပါပဲ။

လွန်ခဲ့၃လလောက်က အလည်ရောက်တော့ တစ်မြို့လုံးနီးပါး ချဲ၊ဘော်လုံး၊ ကစားနည်းပေါင်းစုံနဲ့မြို့လေးဟာ အသက်ငွေ့ငွေ့နဲ့အရိုးပြိုင်းပြိုင်းထနေသလိုပဲ။

ရာဘာရွက်ကြွေတောထဲလျှောက်ရင်း လူတွေရဲ့မျှော်လင့်ချက်မဲ့တဲ့မျက်လုံးတွေ။

စိုက်ပျိုးသူမဲ့ လယ်ယာတွေ၊ နိုင်ငံခြားမှာ တရားမ၀င်အလုပ်သွားလုပ်ပြီး ၀င်ငွေရှာ၊တိတ်တိတ်ပုန်း အေစ့်ကိုက်နေတဲ့ မြို့တွေ ရွာတွေ။

ပြည်သူ့စစ်တွေခုထိ အုပ်ချုပ်နေတဲ့ အညိုရောင်နယ်မြေဇာတိမြို့လေးမှာ အရင်က အရမ်းကိုစည်ကားခဲ့တဲ့ မြို့လည်ရုပ်ရှင်ရုံ နှစ်ရုံ တစ်ရုံမှမပြတော့တာ နှစ်အတော်ကြာပြီ။

လိုအပ်ရင် လိုအပ်သလို ပေါတာတွေလည်း ပရမ်းပတာဆွဲ။မြို့လယ်က ချစားနေတဲ့ဆက်ကြေးစားရဲစခန်းနဲ့ သေနတ်တကားကားနဲ့ လူမိုက်ဂုဏ်မောက်နေတဲ့ ပြည်သူ့စစ်တွေ

ပါလေရာ နှမ်းဖြူ ဖုန်းပါမစ်တွေ ရှိသမျှလုပ်ပိုင်ခွင့်တွေကို စစ်အစိုးရနဲ့ဝေစားမျှစား ကြံ့ဖွတ်တွေ၊

၃၁ နဲ့ ၆၂ စစ်တပ်ရင်းနှစ်ရင်း ခွစီးပြီး ဂုတ်သွေးစုပ်ခံနေရတဲ့ ကျနော်သိခဲ့ပြီး ကျနော်မသိတော့တဲ့ မွေးရပ်မြေ။ဒီလို ရဲပတောင်းခတ်နေတာမျိုးက နေပြည်တော်ကလွဲလို့ မြန်မာတစ်ပြည်လုံးပါပဲ။

Sunday, June 06, 2010

ဝင်္ကပါ

Posted by ဏီမိုးz | Sunday, June 06, 2010 | Category: , | 0 comments


ပဲခူးအိတ်ကပ်ထဲမှာ သေနတ်တွေနဲ့
လေလို ၀င်လာထွက်သွား
သက်ဦးဆံပိုင်အကြည့်
ရှင်းနေတဲ့သမိုင်းကို ရှုပ်ဖို့ကြိုးစားရင်း
ခလုတ်တွေရှင်းရင်း ခလုတ်ဖြစ်ကြ။

မြန်မာပြည်မြေပုံဟာ
အိပ်နေတဲ့လူနဲ့ပိုတူလာတဲ့အခါ
ပေးသလောက်ယူ
ကျွေးသလောက်စား
ပြည်သူ့သဘောထား။

ဆုံးရှုံးသွားတဲ့ မျက်လုံးတွေ ပါးစပ်တွေလည်းများပြီ
ခုထိနားလည်မှု သံလမ်းမှာ
မဆိုင်ဘူးပြောရင်
ဖုန်းရှိပြီး ဖုန်းမရှိသလိုမျိုး
အသက်ရှိပြီး အသက်မရှိကြဘူး။
ကျုပ်တို့ဟာ ၀င်္ကပါထဲမှာ ၀င်္ကပါလိုနေထိုင်ခဲ့ကြတယ်။

Friday, June 04, 2010

မြည် သံ စွဲ

Posted by ဏီမိုးz | Friday, June 04, 2010 | Category: , | 0 comments


တို့တတွေတောင်တက်တော့
တောက်တဲ့တွေ တစ်တီတူးတွေ တွေ့တယ်။

ဘ၀ဆိုတာလည်း အတွေ့အကြုံတစ်ခုဆို
ဒီနေ့ အိမ်ရှေ့မှာ ခွေးဖြတ်လျှောက်လို့ မိုးရွာတာမျိုးပေါ့။

ကောင်းကင်ကို ဇောက်ထိုးကြီးမြင်ရတာ ရှုပ်တယ်။
မြစ်ကိုမကူနိုင်ပေမဲ့ အမြဲတစ်စောင်းကြီး လဲနေဖို့တော့မကောင်းဘူး။

ကမ္ဘာကြီးက ကိုယ့်လူတို့ပြောသလောက်လည်း မကျဉ်းပါဘူး။
ကျော်မကြည့်ချင်ဘူး၊
ကျော်သွားရင်လည်း ပြန်မကြည့်ချင်ဘူး။
သံသရာလည်အောင် ရပ်တန်းကရပ်လိုက်တယ်။

ကျစ်ဆံမြီးလို အိပ်ယာဝင်ပုံပြင်တွေ
နောက်ကောက်ကျတဲ့အခါ အရှုံးအရှုံးချင်း ချုပ်ရိုးမသီချင်တော့ဘူး။

ဆားများလို့ရေထည့် ရေများလို့ဆားထည့်ရင်းနဲ့
အတိအကျစကားတွေ အပြည့်အစုံချန်ထားဖို့ အချိန်မလောက်ခဲ့ကြဘူး။

လက်ကျန်ရီစရာများ ဆက်လက်ရူ် အသေးစိတ်အပူရှာ
နှုတ်ခမ်းပေါ်အနမ်းတွေသက်ရောက်ခဲ့တာကအစ ဘူမိဗေဒပဲ။

အရေးပေါ်ကြေငြာချက်ရဲ့ အရေးပါမှု မပါမှု ခေါင်းညိမ့် ခေါင်းခါ
ဘယ်အကွက်ကိုရွေ့မယ်ဆိုတဲ့ မြွေတွေကို ခြေရာကောက်ရတာ
မြင်းတွေကို အတောင်တပ်ရတာ
သွေးတွေကို အောင်မြင်အောင် အတုလုပ်ကြပါစို့။

Wednesday, May 26, 2010

ပြက္ခဒိန်ပေါ်မှာ တစ်နေရာ

Posted by ဏီမိုးz | Wednesday, May 26, 2010 | Category: | 0 comments


ရန်ကုန်မြို့ကြီးဟာ လင်ဇီးသုံးဖို့ လိုလို မလို
( ဒီတစ်ရက်တော့ ) သွေးနဲ့ကိုယ် သားနဲ့ကိုယ် ပင်လယ်ကို
( ငြိမ်အောင် ) ဆေးထိုးလို့မရတော့ဘူး။

ဖေဖေမေမေ ပျိုးခဲ့တဲ့ လက်ဆောင်မွန်
ချစ်ခြင်းဖွဲ့ အကြောင်းအကျိုး ရှုမျော်ခင်းဆက် ....
အိပ်မက်သစ်ကြို ရာသီ။

ပိုများလာတဲ့ ဆုတောင်းတွေနဲ့
ပိုနည်းလာတဲ့ နှစ်တွေ
ကြိုးတွေကို အသံပြန်စမ်းကြည့်မိတယ်။

ဟတ်ပီးဘတ်ဒေးမှာ
ခါတိုင်းထက် ဖုန်းပိုမြည်မယ်။ ပိုစည်မယ်။
ဘ၀မှာ အလကားနဲ့ အပိုင်ရသလို နေ့မျိုး
တစ်နှစ်တစ်ခါ အလည်လာတယ်။

သဘာဝအရတော့
ရှိခြင်းတရားက
လက်ခုပ်သံတွေကို ချော့မြှူပါလိမ့်မယ် ။......။

Wednesday, March 31, 2010

The Outline

Posted by ဏီမိုးz | Wednesday, March 31, 2010 | Category: , | 0 comments


Hey November !!!
Rectangle or Circle, what so ever life is,
The time we met is the best coincidence.
See!!I was sensitive,
while the moment
i have to effort many step-backward
to achieve just one step forward.
Night after night,
Day after day,
i switch off but still light on,
there never ever being cold-blood day.
So, go!!! if you have to,
Rest if you have to have, anyway.
Make up myself not to be remember what i always memorize.
Oh... almost forgot ,I love you.

Wednesday, January 20, 2010

ခိုစာ ( ၃ )

Posted by ဏီမိုးz | Wednesday, January 20, 2010 | Category: , | 0 comments


ငါပြန်ရင်
ခိုတွေကို အစာကျွေးရအုံးမယ်။

ဆွေမျိုးတော်ရင် ဘယ်လိုခေါ်မလဲ။
နွားအမျိုးစပ်သလို
သူ့ အမေသား က သူ့သားရဲ့ သား
ဟို သူ့အမေ သားရဲ့သား။

သူ့အမေ xxx သားကို အားကျလို့
သိုက်တူးမယ်။
ပိုက်ဆံရှိရင် သန်းရွှေ နှာခေါင်းတောင် ကိုင်လို့ ရတယ်။

တစ်ကိုယ်တော် လွတ်မြောက်ရေး၊
ဂြိုလ်ပြေနံပြေ ဒီမိုကရေစီ၊
အံပေါင်း ရွေးကောက်ပွဲ ။

ဆင်တစ်ကောင်လုံး အမြီးတစ်နေတဲ့ ၂၀၁၀ မှာ
ငါစီးလာတဲ့ ကားက ရွားရိုးကိုးပေါက် ရပ်တယ်။

ဗိုလ်ချုပ်လမ်း
ဗိုလ်အောင်ကျော်လမ်း
လမ်းလျှောက်ရင်း လမ်းတွေအကြောင်းစဉ်းစားတယ်။

ရေပြင်ကျယ်
ဘ၀ ဟာ လေးဒေါင့်လား အ၀ိုင်းလား
ခဲလုံးကို ကောက်ကိုင်လိုက်တယ်။

ငါပြန်ရင်
ခိုတွေက ငါ့ကို အစာကျွေးကြလိမ့်အုံးမယ်။

Monday, January 18, 2010

~~~

Posted by ဏီမိုးz | Monday, January 18, 2010 | Category: , | 0 comments


မီးသတ်ကား မီးလောင်
သင်္ဘောသား ရေနစ်
ရုပ်ရှင်ထဲကလို ဖြစ်သွားတယ်။

ငါက မီးထဲ တွန်းချလိုက်ပေမဲ့
သက်ပြင်းက မြေမှာကျတယ်
ကောင်းကင်ပေါ်ခုန်တက်သွားတယ်။

ထီးကိုထားပြီးမှ
မိုးထဲပြန်ထွက်ခဲ့ရပါတယ်။
နောင်ဘ၀ဆိုတာ
ဒီဘ၀မှာ အကြိမ်ကြိမ်ရှိခဲ့ပြီ။

Wednesday, January 06, 2010

တတိယလူ၊ ဒုတိယအတွေး

Posted by ဏီမိုးz | Wednesday, January 06, 2010 | Category: , | 0 comments


မြွေတွေနဲ့ စကားပြောပြီးတဲ့အခါ
ငါ့ စိတ်တစ်ခြမ်းက
ငါ ပစ်ရမဲ့ ဖဲကို ကိုင်ထားတယ်။

အသစ်တစ်ခု အဟောင်းတရာ
ခုတင်အောက်မှာ ကောင်းကင်သစ်ကို ရှာတယ်။

ပီကေ၊ ဝေဖာ၊ ပုရွတ်ဆိတ်
ပထ၀ီ၊ သမိုင်း ၊ သိပ်ပ္ပံ ပညာ။

စစ်သား ဘုရား ၊ထောင် ဘုန်းကြီး၊
အရူး ရှေ့နေ၊သူတောင်းစား ဆရာဝန်၊
လူမိုက် စာသင်ကျောင်း၊

ကင်မရာရှေ့ မိုးတစ်ကယ်ရွာခဲ့ပြီ။
မိုးတစ်စက် ကွယ်
မြင့် မိုရ်လည်း ပျောက်ခဲ့ ပြီ။
................
မှော်။

ခေတ်က သေမှာကြောက်ရင် စစ်ထဲဝင်
မီးခြစ်ရှိပြီး ဆေးလိပ်မရှိဘူး
ဆေးလိပ်ရှိပြီး မီးခြစ်မရှိဘူး။

တွင်းမတူး တွင်းမအောင်း
တွင်းတူး တွင်းမအောင်း
တွင်းမတူး တွင်းအောင်း
တွင်းတူး တွင်းအောင်း သတ္တ၀ါတွေ။

မှန်မှန်မှားမှား ကျုံ့ နေပြီ။
ကိုယ်ပူချိန်များရင် ကိုယ်စောင့် နတ်လည်းမကယ်နိုင်ဘူး။
လိမ်ညာပြောရင် ဆွေ့ ဆွေ့ခုန်
ကြက်သွန်လှီးတဲ့အခါ ဘ၀ဟာဝမ်းနည်းစရာပဲ။