Tuesday, November 24, 2009

ဘောက်ဘတ် တစ်ကောင်ရဲ့ ဂီတ

Posted by ဏီမိုးz | Tuesday, November 24, 2009 | Category: | 0 comments


ကမ္ဘာ့ ကမ္ဘာမှာ
ဆရာ့ ဆရာတွေ ကျမ်းကျိန်ခဲ့ ကြသလို
နည်းနည်းနဲ့ ကျဲကျဲ ၀ိုင်းခဲ့ တာမဟုတ်ဘူး။
ပါးပါးလေး ပုတ်ခဲ့ တဲ့ ပခုံးနဲ့
အဲဒီတစ်ရက်တစ်လေ တွေ့ ခွင့် ရခဲ့ တာက
ငါ့ မျက်ရည်ဝိုင်းစေတဲ့ အလင်းကွေး ဧကစာ။

နားလည်မှုမှာ အဖုပါရင်
ဘယ်နည်းနဲ့ မဆို သူဟာ သပွတ်အူတွေ ၀ယ်ရတော့ မယ်။
သူရှိနေတယ်ဆိုတဲ့ အသိကပဲ လောကကြီးနဲ့ အချိတ်အဆက်
အတိအကျပြောရင် ၀တ်မှုံကူးတဲ့ ရာသီ။

ပန်းတွေ ဖဲကြိုးတွေ လိပ်ပြာတွေ
စမ်းချောင်းတွေ ကြယ်တွေ မိုးတိမ်တွေ
မြောက်တက်သွားတဲ့ အတိုင်း အရှိန်နဲ့ ပြန်ကျတယ်။
ငါသိတယ် မင်းငါ့ကို ပြောင်းလဲလို့ မရရင် မင်းကိုယ်မင်း ပြောင်းလဲလိုက်မှာ
အသိနောက်ကျခဲ့ ရင် ပန်းတိုင်နောက်ကျလိမ့် အုံးမယ် ။

စတွေ့ ကတည်းက စွန့် လွှတ်ခဲ့ တဲ့ မေတ္တာ
ကျည်ဆံမပါတဲ့ သေနတ်ဆိုတော့
အိပ်မက်ထဲမှာနေပြီး အိပ်မက်ထဲမှာ သေမဲ့ ငါ့ အတွက်
ငရဲဟာ ထိုက်တန်တဲ့ လက်ဆောင်။

ဘ၀ကို စနစ်တကျ တည်ဆောက်
မုသားတွေ ပြေပြစ်ချောမွတ်နေတဲ့ လမ်းမှာ
ဘယ်လိုယာဉ်မှ တိမ်းမှောက်ဖို့ မလွယ်ဘူး။
ငါ့ မှာသာ အသံပြန်စမ်းရမယ်
ကျွတ်လွတ်ဖို့ ။

Monday, November 23, 2009

မင်းမရှိတော့ တဲ့ နေ့ ၊ မင်းမရှိတော့ တဲ့ ည

Posted by ဏီမိုးz | Monday, November 23, 2009 | Category: | 0 comments


ရေတွေ ဖုံးလွှမ်းသွားပြီးနောက်
....................
မိုးတိမ်တွေ ကြယ်တာရာတွေ မရှိတော့ တဲ့ ကောင်းကင်
လှိုင်းတွေ ၊ ကမ်းရိုးတန်းတွေ မရှိတော့ တဲ့ ပင်လယ်
သတ်ပုံအမှားတွေ ခေါင်းစဉ်တွေမရှိတော့တဲ့ အကြောင်းအရာ
လမ်းအမှားတွေ မှန်တာတွေ မရှိတော့တဲ့ မြေပုံ

ဓါတ်ငွေ့ တွေ အဆိပ်ငွေ့ တွေ မရှိတော့ တဲ့ လေဟာနယ်
သစ်ပင်တွေ ပန်းမန်တွေ မပွင့် ဝေတော့တဲ့ စုံတောမြိုင်
တနင်္ဂနွေ တနင်္လာ မရှိတော့ တဲ့ ရက်သတ္တပတ်
ဓါးရိုးကော အသွားကောမရှိတော့ တဲ့ ဓါး

လုံခြုံမှု၊ စိုးရွံ့ မှု အဓိပ္ပါယ်တွေ ပျောက်ဆုံးနေတဲ့ အိမ်
စာကော စကားကော မရှိတော့ တဲ့ ဘာသာဗေဒ။

အဲသလို
တားမြစ်ထားတဲ့အရာတွေကို စားမိလို့အပြစ်ဖြစ်တဲ့ အခါ
ကိုယ်လာခဲ့ သမျှ ကိုယ်ပြန်သွားရတဲ့ အခါ
......................

သုတေသန စာတမ်း

Posted by ဏီမိုးz | | Category: | 0 comments


အိပ်ဆေးသောက်ပြီး မပျောက်တဲ့ အနုမာနတွေ ကြုံတဲ့ အခါ
သက္ကရာဇ် အဟောင်းတွေကို ပြန်ထုတ်ကြည့် မိတတ်တယ်။
ပကတိတန်ဖိုးနဲ့ အချစ်ရဲ့သင်္ကေတတွေမှာ
ရည်ရွယ်ချက် တစ်မျိုးစီ တစ်ခုခု တစုံတရာ
အကြောင်းအရာမဲ့ နေရင် အန္တရာယ်ရှိသလား။

ဆန့် ကျင်ဘက် သဘော သဘာဝအရ
အလိုလိုခံစားသိနဲ့ ဖြစ်ပေါ်လာတဲ့ ရိုးရှင်းတဲ့ အချစ်မှာ
ကြည်နူးပျော်ရွှင်စေချင်တဲ့ ပေးဆပ်ခြင်း
စေတနာ အနည်းအများ တွေက အချစ်ရဲ့ အတိမ်အနက် တွေပဲ။

ဝမ်းနည်းနာကျင်စေတဲ့ လစ်လျူရှုမှုတွေက အချစ်လားမေးရင်
ကိုယ်ချစ်တဲ့ သူ စိတ်ချမ်းသာဖို့ အတွက်
လက်တလော ပျော်ရွှင်မှုထက်
အမြော်အမြင် ရှိရှိ ကိုယ့် အတ္တကို စတေးပစ်ရဲတာက
ဥာဏ်ပညာရှိသော ပိုပြီးမြင့် မြတ်တဲ့ အချစ် ဖြစ်ကောင်းဖြစ်မယ်။

ရူးသွပ်မှု၊ အရင်းအနှီးအနည်းအများ၊ အရှုံးအနိုင်
မြှောက်ထိုး ပင့် ကော် ရေတို အချစ်က
ပျက်စီးရာ ပျက်စီးကြောင်းတွေပဲ။
ဟုတ်ပါတယ် အချစ်က ထိန်းချုပ်မရပဲ ပေါ်လာတာ
ဒါပေမဲ့ ဆင်ခြင်စိတ်၊ စူးစမ်း လေ့လာ ခွဲခြား သိတဲ့ စိတ်က
လူ့ တန်ဖိုးတွေလေ။

လက်တွေ့ ကျကျ အိပ်မက်ကျကျ ယူပုံ ယူနည်းကွာမယ်။
ခွက်ထဲကို သူဆန့် သလောက် ရေပဲ လောင်းထည့် လို့ရတာ
ငါးတွေ ရှင်သန်ဖို့ ကူးခတ်နေတာတော့ အားလုံးအတူတူပါပဲ။

ပိုပြီးတောက်ပဖို့ က အပူလိုအပ်တယ်။
စိန်မှာလည်း စိန်ဖြစ်လောက်တဲ့ မီးရှိခဲ့ တယ်။

ရေမှာ လေမှာ အောက်ဆီဂျင်ထုတ်လိုက်ရင်
အဆိပ်ပဲ ကျန်ခဲ့ မှာပေါ့ ။
ကိုယ်နဲ့ တစ်ထပ်တည်းကျမဲ့ အဖော်၊ ပတ်ဝန်းကျင်
သင့် တော်ရာရာရွေးလို့
အဆိုးအကောင်း အတွေ့ အကြုံ တွေနဲ့
ဆက်လျှောက်ရမဲ့ စာမျက်နှာတွေပဲ
မင်းမရှိတော့ တဲ့ ကမ္ဘာမှာ
ကျန်တာမင်းပဲ ဆက်ပြောလိုက်တော့ လေ ....။

Friday, November 20, 2009

~~~

Posted by ဏီမိုးz | Friday, November 20, 2009 | Category: , | 0 comments


ထုနဲ့ ၊ ဒြပ်နဲ့ ၊ ထည်နဲ့
လက်တလောစွဲလန်းမှု။

မျက်လှည့် ၊ လက်လှည့် မှာ
ထိတ်တိုက်တွေ့ပြီ
ချင့်ယုံ ။

မနေ့ က ငါရှိခဲ့ လို့
ဒီနေ့ ငါဆက်ရှိနေတာ၊
အတူတူ ရှိနေတာ
အတူတူ ရှိနေလို့ ။

နေရောင်ခြည်ဟာ
နေ့ ညတွေပေါ် ဖြတ်သန်း
နေရောင်တစ်ခြမ်း၊ လရောင်တစ်ခြမ်း
နောက်ဆုံးခန်း အကြိမ်ကြိမ်။

ကိုယ့်ရို့ကားယား
လက်ကိုင်ကို ပေါ့ ပေါ့ လေးထား
ထိတွေ့မရတဲ့ အရာတွေကို
ထိတွေ့ မရတဲ့ နည်းနဲ့ ချဉ်းကပ်တယ်။

ပြည့် လည်းပြည့်
ခိုးလည်းခိုး စုဗူးတွေ။
သစ်ပင်တွေမှာသာ အသက်ရှိခဲ့ ရင်
နောင်ဘဝ
ရှေ့ က ခင်တန်းလေး ဖြစ်ချင်တယ်။

Tuesday, November 10, 2009

ဗရဲ့ ပေံန် ကျိုင်းပေါတ်

Posted by ဏီမိုးz | Tuesday, November 10, 2009 | Category: | 0 comments

ဓါးဦးကို ၀င်တိုးဖို့ ဆိုတာ
လိပ်ဖြစ်ရင်တောင် အခွံထူလို့
ခုန်ခုန်ပြီး ပြော
အော်အော်ပြီး ဆိုရတဲ့ သီချင်းတွေမှာ
သူများဆိုတာ လိုက်မှေးဆိုခဲ့တဲ့ ကောင်။

အက်ကွဲနေတဲ့ မုခ်ဦး
ဆွေးမြေ့ ရာဇ၀င်တနံတလျားမှာ
ငါ့ ပင်လယ် ရေသေလို ကျင့် ခဲ့ တယ်။

အဖွားကခဲ့ တဲ့ အကနဲ့
အဖိုးထမ်းခဲ့ တဲ့ ထမ်းပိုး
တို့ မွန်ရိုးရာ။

ဒို့ လူမျိုး
ဒို့ စိုက်ပျိုးခဲ့ သမျှ
ဒို့ အရိပ်က တစ်မိုင်လောက်ရှည်ပြီး
ဒို့ အရပ်က တစ်လက္မ ဖြစ်နေတာ။
အမျိုး၊ဘာသာ၊သာသနာ အစစ်နဲ့ မို့
မွန်ဖြစ်ရတာ ဂုဏ်ယူတယ်။

ဒို့ ယဉ်ကျေးမှုက
ကြယ်တစ်ပွင့် ကျောက်တစ်ပွင့် လား
စိတ်ချင်းဆက် မိုးသိုးရွာ။

ယုန်ဝင်စားတွေ
လူက လူကို မြိုတယ်။
ဟသာင်္ကိုးသောင်းပျက်တယ်။
ရာဇ၀င်ကို ထုံးသုတ်ခဲ့ ကြပေမဲ့
အနောက်က ဘယ်တော့ မှနေမထွက်ဘူး။

တို့ တည်ဆောက်မဲ့
ဟံသာဝတီအသစ်ဟာ
ပျုမဖြစ်ရဘူး၊
သက်မဖြစ်ရဘူး
ကျွန်မဖြစ်စေရဘူး။

အခြေခံအကျဆုံး လူ့ အရင်းအမြစ်တွေ
ဇာတိမာန် ဆိုတဲ့ မြေခံရေခံမှာ
လူတိုင်းတော်ကြရင် ပျော်စရာအရမ်းကောင်းမယ်။
မဖြစ်နိုင်ဘူးလို့ ပြောရင်
ဖြစ်အောင်လုပ်မဲ့ သူရဲကောင်းတွေလိုတယ်
ပညာတတ်တွေလိုတယ်။

စိုနေတဲ့ လက်တွေ
လိုနေတဲ့ လက်တွေ
အတူတူ ထကြလော့ တိုက်ကြလော့ ။

ဒီအလံတော်အောက်မှာ
အမျိုးသားသီချင်းကို တူတူဆို
အမျိုးသားရေးအတွက် ရှေ့တက်ပြီး
မျိုးဆက်ကို သွေးနဲ့ ဆက်ကြမယ်။

Saturday, November 07, 2009

အချစ်နာ

Posted by ဏီမိုးz | Saturday, November 07, 2009 | Category: | 0 comments


အမှန်တရားရဲ့ ဆန့် ကျင်ဖက်လျှောက်
အစွန်းနှစ်ဖက်မှာ ဖီလာ ။
မသောက်ပဲ အိပ်ဖြစ်တဲ့ တစ်ညပေါ့
သူ့ ကိုပဲ တောက်လျှောက် အိပ်မက်မက်နေတာ။

သွေးသီချင်းတစ်ပုဒ်က ကျောက်တုံးကို ညစ်ပေစေတယ်။
အိပ်မက်ထဲ ယောင်ပြီး ဖုန်းခေါ်မိတာတောင် ငါ ပျော်လိုက်တာ။

ခိုးခိုးခစ်ခစ် ကြောင်စီစီ
နံရိုးချင်း ရိုက်ခတ်မိတဲ့ အခါတိုင်း
သူ သတ် ဓါး ကို ထုတ်ကြည့် မိတတ်တယ်။

ဝန်ခံဖို့ မာနတစ်ဆစ်က လည်ချောင်းမှာ ဆို့ နင့် လို့
ငါ့ ကို အငွေ့ ပျံသွားအောင် ပြန်ုပြီး အိပ်မွေ့ ချလိုက်စမ်းပါ။

လက်စသတ်တော့ နောက်ဆုံးသစ်ရွက်လေးတစ်ရွက် ကိုယ်ဆွဲနေတာ
မင်းပြောသလို ကိုယ့် ကိုယ်ကိုယ် ချစ်တာလည်း ဖြစ်နေနိုင်တာပဲ။

တောတွေ ၊ တောင်တွေ ၊ အနိမ့် အမြင့် တွေ
အလုပ်သွားတာ ဆေးရုံရောက်သွားတယ်။
ဆရာဝန်က ရောဂါရှာမတွေ့ ဘူး ပြောတယ်။

သက်ရှိ သက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့ တိုင်းမှာ အချစ်က စိမ့် ၀င်နေတာ
ကနွဲ့ ကလျစကားတွေ မလုံလောက်တော့ တဲ့ အခါ
အရေးပေါ် ဒိုင်ဗင်ပစ် ၀င်လိုက်တယ်။

Tuesday, November 03, 2009

ခွချက်

Posted by ဏီမိုးz | Tuesday, November 03, 2009 | Category: , | 0 comments


တွေ့ရတာ ၀မ်းသာပါတယ်။
ကျန်းမာရေးဂရုစိုက်ပါ။
မင်္ဂလာပါ။

မင်းပျော်အောင် ဒီမိန့်ခွန်းကို
လက်မှတ်ထိုးပေးရတော့မှာပေါ့။
ငါဝါသနာပါတယ်။

ကမ်းခြေအကြောင်းပြောရင်
ဘာလို့ သဲတွေပါရတာလဲ။
ရေလှိုင်းအကြောင်းပြောရင်
ရေစက်ပါမဲ့ဟာ
ငါလက်စသပ်ချင်လို့ ခဏလေး။

ရေကြီးရင် စည်တီးမယ်။
ကမ္ဘာကြီးအကြောင်းပြောရင်
အခြေခံကျဖို့ လိုတယ်။
အအေးပိုင်းမှာ ပိုသွေးအေးသလားလို့
အမှုဖြစ်ကြပြီ ဆိုပါတော့ ။
လက်နှစ်ဖက်နဲ့ပဲ
ဆက်လက်ထိန်းသိမ်းထားတုန်းပဲ။

ငါးကျပ်တန်ကို ငါးထောင်တန်မလုပ်ဘူး။
ဝိုင်းအပြင်ဘက်မှာ မသေချာတဲ့အကြမ်းထည်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀။
ဖြတ်ညှပ်ကပ် ဗီဇနဲ့ပဲ
ဘုရားစူး မိုးကြိုးပစ် နီးပါး
ဒုတိယ အတွေးမရှိဘူး။

လူရော စိတ်ရောနာတယ်။
စိုးမိုးမှုမှာ ရေစက်မပါဘူး။
ဆန့် ကျင်ဖက် နှစ်ခုကြား
ဗျာများ ခက်ဆစ် ကြောင်။

လူ နဲ့ မူ ၀ရူး ၀ရော ။
ခေါင်းစဉ် လှလှ
အကြောင်းအရာ အအ ။
ဓနသဟာရတွေက ကိုက်တော့
လမ်းဘေးမှာ ဆန်းဒေးလုပ်နေတာ။

နာမည်ကြီးတွေက ဗဟို ထူထောင်
အရောင်ခွဲ စနစ်တွေ
ပုဒ်ထီး ပုဒ်မအချမှာ
ပထ၀ီ အမျိုးမျိုး သက်သေ ။

အောက်မေ့ ဘွယ်ရာ
မြို့စားကြီး ဦးထုပ်
အတိုက်အခံ ခြေချ သရဲဘောကြောင်
မင်းဖြစ် မင်းခံပေါ့ ကွာ
ဒီဝင်ရိုးကို တီထွင်ပြီး လှိမ့်မယ်။

ဒီသစ်ပင်ဟာ အသေခံ
ရရင်ရ မရရင်ချ
ပညာတတ် ရုပ်ချော
ရွှေရည်စိမ် နိုင်ငံရေးသမား
လူနဲ့ သူတို့ အကြား
ထပ်ပြီးဆွေးနွေးရမဲ့ ခဏတာ
အများအတွက် လည်ပင်းရင်းရလိမ့် မယ်။

နယ်လှည့်ဆန္ဒမဲ ကောက်
သုံးကြိမ် သုံးခါ အော်
ပြီး ပြီးရော
ခဏ ခဏမေးတယ်
ခဏ ခဏ ဖြေတယ်
အချိန်ပိုနေရင်
ကျွမ်းကျင်အလမ္မယ်ဆရာအတွက်
မြွေဟာမဆန်းဘူး။

ရောဂါကြည့် ပြီး ဆေးဖော်မယ်။
ဆေးဖက်ဝင်သလားမေးရင်
ကပ်ခွာ
စစ်ကူမလိုဘူး။
ပျင်းလို့ အငြိမ့် ထောင်တယ်ဆိုရင်တောင်
အရာအားလုံးဟာ ကိုယ့် ဒေါသနဲ့ ကိုယ်
သစ္စာတစ်ခုတည်ရင် ပြေဖို့ ကခက်တယ်။

Monday, November 02, 2009

မဟုတ်မဟတ် ကြေးမုံ

Posted by ဏီမိုးz | Monday, November 02, 2009 | Category: , | 0 comments

ဘာလာလာ ယုံ
ဒါဟာ အနီပါ
တစ်ကယ်တော့ အပြာ။

ငရန်မကန်းတောင် တစ်လုံးပဲကန်းတာ
နေကာမျက်မှန်ကြီးတပ်ပြီး
လပြည့် ညလုပ်နေတာ ...။

ဘယ်လို ကြက်သီးမွေးညှင်းနဲ့
အမှန်တရားကို အဆိပ်ခတ်ခဲ့ ကြတာလဲ။

ဒီမျက်နှာလည်း မနေ့ ကအကျန်
ဒီလို အေးတဲ့ ဆောင်းမှာ
အနွေးထည် ကောင်းကောင်းလိုတယ်မှတ်လား။

သံသရာဆိုတာကြီးလည်း
အဆင်ပြေနေရင် မေ့ သွားအုံးမယ်။

အထက်ကပြောတဲ့ အတိုင်း
အောက်စာတမ်းထိုး
လက်ညှိုးလေး လိုက်ထောင်
လိုက်ယောင် ။

ကျလိ ကျလိ
ကလိ ကလိနဲ့ ပဲ
ဘာလာလာပြောတိုင်း ယုံ။