Monday, April 27, 2009

လှိုင်းပုတ်တဲ့ လှေ

Posted by ဏီမိုးz | Monday, April 27, 2009 | Category: | 0 comments

နွေရာသီမြူးဇစ်က
သူ့စကပ်အတိုကို ဆွဲဆွဲချနေတုန်း
အနားမှာ ဒုသနသော တွေ ဒတ်လဗိုင်။

တော်လှန်ကဗျာကို ကမာဝါမဖတ်နဲ့
သွေးထဲကနေခံယူရမဲ့ တာဝန်တွေ ၀တ္တရားတွေ။
ဒီလိုဥပါဒန်နဲ့ ဆို
သံသရာဆက်တိုင်း မကျွတ်မလွတ်ကြေး။

အရိုးတိုင်းမှာ အရိုးသမိုင်းရှိတယ်
သမိုင်းမသိတဲ့သူတွေက
သမိုင်းအရေးမကြီးသလိုပြောမယ်
ယဉ်ကျေးမှုမရှိတဲ့သူတွေက
ယဉ်ကျေးမှုအရေးမကြီးသလိုပြောမယ်။

ပန်းချီကားက စောင်းနေတာမဟုတ်ဘူး
ပန်းချီက စောင်းနေတာ
အမြင်ကြည်ဖို့လိုတယ်။

အိမ်ရှေ့တံခါးကို ကျောပေးထိုင်တဲ့ ညီမလေး
ဒီလို အိတ်အိုင်ဗွီ ပေါ့စတစ်လိုက်ရှိုးမှာ
ဘမျိုးဘိုးတူအကြွေးကို
ဖြည်းဖြည်းချင်း ဖဲ့ ဆပ်ကြတာပေါ့ ။
သားသုံးသား ဆေးသုတေသနမှာ
ကြွက်သေတွေသိပ်များနေပြီ အမေ။

အသက်တွေ အဆက်အစပ်မဲ့ နေရင်တော့
မနက်ဖြန်ဆိုတာ ကျောရိုးမဲ့ ကမ်းခြေ
အကြမ်းရေးလိုက် ပြန်ဖျက်လိုက်နဲ့
သင်ရိုးက အခြေခံမှာစပြီး အခြေခံမှာဆုံးတယ်
ချောင်းပစ်ခံရတဲ့ သံလွင်။

အရှေ့ ဆုံးက ပန်းဝင်လာတဲ့ အလွမ်းတွေ
ကျားရိုးကျွေးပြီး ရှူးတိုက်
သေအောင်ကိုက်ခိုင်းပြီးမှ
သံသယနှာခေါင်းတွေအောက်မှာ အနံ့ မလုံဖြစ်ကြ။

ဝေေ၀က ဖန်ဖန်ခုန်တမ်းဆော့ တယ်
အင်္ဂလန်နဲ့ ဂျပန်က တောခိုဖို့ အကောင်းဆုံးနေရာတွေ
ဘာဘီကြူနဲ့ တိုက်ပွဲခေါ်သံ ကမ္ဘာမကြေ
အဆီပြန်နေတဲ့ မျက်နှာတွေ
ကဗျာထဲက အသားတုတွေ။

ခွေးတောက်မြစ် သွေးလူးလိုက်အုံး မိတ်ဆွေတို့
ကိုယ့် အမြီးကိုယ်ကိုက်မဲ့ အစား
ကိုယ့် လျှာကိုယ် ရဲရဲကိုက်
သေလိုက်ကြမယ်။

သတင်းနဲ့ နည်းပညာ ဆင်ဆာအောက်က
လူထု ကြေငြာစာတမ်း
လူ့ အခွင့် အရေးဆိုင်ရာ အမြင့်ဆုံးဆုနဲ့
ဝေလငါးလို မျိုးသုဉ်းတော့မဲသယံဇာတတွေ
ယိုစီးနေတဲ့ လူ့အရင်းအမြစ်တွေ။

သားထမ်းလာတဲ့ ရေအိုးထဲမှာ
ဆေးခတ်ထားတဲ့ ဧရာဝတီ
မျက်နှာဖုံးလှလှတွေဆို သိပ်ချစ်တဲ့ ကောင်မလေး
ငွေဖြူဖြစ်ဖြစ် ငွေမည်းဖြစ်ဖြစ်
တဖျတ်ဖျတ်လူးတတ်တဲ့ ငါးတွေလည်း
အပြစ်မဆိုရက်တော့ဘူး အမေ။

သြော် လောကကြီးက ထူးဆန်းတယ်
ကြာလိုဝေတဲ့ အချစ်တွေ
ပြာလိုဝေတဲ့ အချစ်တွေ
ငြိမ်နေပါတယ်ဆိုမှ
အသံတွေ ဖြတ်ဖြတ်ဝင်လာတယ်
အေးလေ မှန်တယ်ထင်လို့ လုပ်လာပြီးတော့ မှ
မှားတယ်လို့ လည်း ကိုယ့်ကိုယ်ကိုယ်
မ ယူ ဆ ရက် ကြ တော့ ပါ ဘူး ။

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x

Friday, April 24, 2009

၃၀ ပြည့်

Posted by ဏီမိုးz | Friday, April 24, 2009 | Category: | 0 comments

ကြိုက်ပြီကွာ
တွေ့တဲ့ကောင်ဆင်းရိုက်မယ်
နင်း

တို့ နှစ်ယောက်
ကျီးဖြူ ကျီမဲတွေလို
အာလောက်လောက် အာလောက်လောက်
တောင်ညိုတောင်တန်းတစ်လျှောက်
ဆားနံ့သင်းတဲ့လေတွေအောက်မှာ
အတူ ကြီးပြင်းခဲ့ ကြတာ။

ငယ်ငယ်တုန်းက
မင်းဆိုမဲ့ သီချင်းငါအရင်ဆိုတာ
ငါဆိုမဲ့ သီချင်းမင်းအရင်ဆိုတာ
ဒါမျိုးက တို့ နှစ်ယောက်ကြားမှာ ရိုးနေပြီ
မင်းသတိမထားမိလို့။

မင်းက ပုံတိုပတ်စတွေ
ရယ်ရွှန်းပတ်ရွှန်းတွေ အတော်ပြောတတ်တာ
ကမ္ဘာ့ အကြီးဆုံးလက်လုပ်မီးပုံးပျံကို
မင်းတို့ လွှတ်တင်ကြတုန်းက
ငါ ဂုဏ်ယူမဆုံးဖြစ်ခဲ့တာ။

မင်းက မွေးနေ့ကိုမင်္ဂလာလုပ်သွားတာ
တစ်ကယ်ပဲ သွေးထဲကနေ
ယောက်ဖလို့ ခေါ်ကြရင်းက
ပညတ်သွားရာ ဓါတ်သက်ပါခဲ့တာ။

ဟေ့ကောင်ရေငါဆံပင်ညှပ်တော့မယ်..
ဟိဟိ
သူကကြည့်ကောင်းလို့တဲ့။

ဘုရား ဘုရား
ဒါနနာမနေ့ကဒူနာနာတေး
ကြောက်လှတယ်လေး
ငါ့လောက်နီးနီးတော်ပါတယ် (ဟဲဟဲ)။

ဘိုးဘိုးကြီးနတ်ကွန်းက ဖယောင်းတိုင်တွေထွန်းပြီး
ဟိုကတ္တရာလမ်းပေါ်မှာ မူးပြီးစပ်တဲ့ကဗျာလို
တို့ နှစ်ယောက်ရဲ့ ငယ်ဘ၀တွေက
စာသားတွေမမှတ်မိပေမဲ့
ရွတ်ဆိုလို့ ကောင်းနေသေးတယ်

တော် ........... တော်
နောက်ဆက်တွဲတွေမပါနဲ့တော့
မင်းဘာဆက်ပြောမယ်ဆိုတာ ငါသိနေတယ်
ဘယ်တော့မှလဲမေ့လိုရမှာမဟုတ်ပါဘူး
ရူးမသွားရင်ပေါ့။


__--____--____--____--____--____--__
ငယ်သူငယ်ချင်း မင်းရဲထူး အတွက် မွေးနေ့ ကဗျာပါ။

_____________________________________

Thursday, April 23, 2009

တောရောက်ရောက် တောင်ရောက်ရောက် အသံများ

Posted by ဏီမိုးz | Thursday, April 23, 2009 | Category: | 1 comments

__-____-____-____-____-____-____-____-____-____-____-__

သံပတ်လျော့နေတဲ့ နှိုးစက်တွေ
အိပ်မက်ဟောင်းထဲကနေခုန်ထွက်ဖို့
အားကောင်းနိုး နမိတ်ပုံဆန်းတွေ
ငါ့ဆီမှာ ရှာတယ်။

ငါမွေးဖွားခဲ့တာ
မျက်ကလူး ဆန်ပြာ ဖြစ်ဖို့
ရေအောက်ကြမ်းပြင်ကနေ မစ်ခီးလ်ဝေးအလွန်ထိ
ကူးခတ်နေတဲ့ နေရောင်ခြည်အောက်မှာ
အသက် ၀င်နေတဲ့ ပိုးမွှားတွေ၊ ငင်နေတဲ့ ပိုးမွှားတွေ။

သုညမကင်းတဲ့ ရုပ်ကြွင်းသင်္ချာ
ဓါတ်တူနံတူ ပုလင်းတူ ဘူးဆို့တွေ
ရာစုအဟောင်းထဲက ခုန်ထဖို့
နောက်တစ်လှမ်းဆုတ်ရမှာအမှန်။

သူပြန်မလာတော့ဘူးလို့ ပြောတယ်
စူးစူးနစ်နစ် ဘယ်နည်းနဲ့ မှအလွမ်းမပြေဘူး
နည်းနည်းနောက်ကျတာနဲ့
အားလုံးနောက်ကျကုန်တော့တာ။

အလင်းနှစ် ဝေးဝေး လမ်းမတွေ
ရိုးမကို လေဖိအားနည်း နည်းစေတဲ့ ပုဆိန်ချက်တွေလို
ငါ့ကို နှစ်သိမ့်ဖို့ ပညာရှိလေတွေ တိုက်ပါ
နာမ၀ိသေသနတွေ အများကြီးထဲက
အလင်းစတစ်ချို့ကို ငါယူတယ်

ကိုယ်ဟန်ပြမယ် ကိုယ်ပေါ်က
ကုန်ပစ္စည်းကြောငြာ နဲ့
ချစ်သော ဇီးရွက်မျက်နှာများ
အရှိန်နဲ့ လူးလွန့်နေပြီးမှ
တွေ့ကရာမျက်နှာဖုံးတစ်ခုကိုကောက်စွပ်လာတယ်။

မှတ်ပုံတင်ထဲမှာ ၀ဲဘက်လက်ဖျံ အမာရွတ်ရှိ
ရေလျှံနေတဲ့ တစ်ဆွေ့ခုန် နှစ်ဆွေ့ခုန်အဆိပ်တွေ
မျက်နှာချင်းဆိုင်ကနေ
ကင်မရာထဲကိုတိုက်ရိုက်ဝင်လာတဲ့ အသံတွေ
လေဒဏ်မိုးဒဏ် တောလဲသံတွေ
တစ်မေ့တစ်မော ကိုယ်လွတ်ရုန်းပြေးတဲ့ ချောင်းတွေမြောင်းတွေ
လရောင်တို့ ရဲ့ အိမ်ရှေ့မှာမှ
ဝါးလုံးကားတွေက ခဏခဏဖြတ်တယ်။ညဲ။

ချဉ်ရင်သကြား ချိုရင် သံပုရာ
အဲလို ပြောင်းပြန်အဘိဓမ္မာတွေပါ
လူခြေတိတ်မှ ဗိုက်ဆာရင်
ဟိုနားမှာ အလင်းဆိုင်ရှိတယ်
အလင်းတွေ ရောင်းလားမေး
ခေါင်းကုတ်ပြီးမှ မျက်စိတွေကျိန်းစပ်စေတဲ့ မီးတောက်တွေလို့ ဖြေမှာ။

သဘာဝက အရှိအတိုင်းညာတယ်
တစ်ခါတစ်လေ အတုကအစစ်ထက်ပိုလှတာမျိုး
ရဲပတောင်းခတ်နေတဲ့ အ၀ါတွေ အ၀ါတွေ။

ရှေ့မှာ ရုပ်ဖျက်ထားတဲ့ လမ်းမတွေက လိုင်စင်ဖမ်းနေတယ်
ဗုံးဆိုတာနဲ့ ဟီရိုရှီမားကတုန်တုန်တက်လာတာမျိုး
ငါ့ နောက်ပစ်တွေ သဝေထိုးတွေ လုံးကြီးတင်တွေ
အစဉ်အဆက်မှားခဲ့ကြတဲ့ အက္ခရာစုံ တီးဝိုင်းမှာ
စိမ်ခေါ်ရင်တိမ်ပေါ်ထိလိုက်မယ်ဆိုတဲ့ ခပ်အစ်အစ်အသံတွေ
ကြားတယ် ပြောပါတယ်။

ကြုံသလို ဖွင့်ကူးဆေးလို့ရတဲ့ဖလင်အသစ်တွေ
မိုးလုံးပတ်လည် ကရွတ်ကွင်းလျှောက်သလိုသွား
အထိန်းသိမ်းခံရတဲ့ အဉ္ဇလီလို
အငိုလွယ်တဲ့ မိုးတွေ ဖုန်းမှားဝင်လာအုံးမယ်။

ဂက်စ်အိုးပေါက်မှာကြောက်တဲ့ ဘက်စ်ကားပေါ်က ခရီးသည်
စည်ပင်မမြင်တဲ့ နောက်ဖေးလမ်းကြားထဲက ရေယိုနေတဲ့ ပိုက်တွေ
ပျားတစ်ကောင်ရဲ့ အတ္ထုပတ္တိမှာ ပျားရည်က အခရာ
တောမကျွမ်းပဲနဲ့ မျက်ကန်းပုဏ္ဏားတွေ ဆင်စမ်းသလိုမျိုး
ကိုအငဲရေ လုပ်ပါအုံး တံဆိပ်မကပ်နဲ့။

ပေါက်ပန်းလေးဆယ်အလိုက်ကို လေချွန်တတ်ဖို့က
စက်ဘီးကိုလက်လွှတ်စီးသလို
ကိုယ်ဖော့တတ်ရတယ်။

သည်။သည်။သည်။ လား?လား?လား?
စာအုပ်ကြီးတွေက ဘောက်ဖတ်တွေလို နှေးတယ် လေးတယ်
နောက်တစ်နေ့မနက်နေထွက်တာကို မြင်ရဖို့က သိပ်မသေချာ
ပျက်ရယ်ပြုရင် ပျက်ရယ်ခံရဖို့ကသေချာ
သြော် ဟုတ်ကဲ့
ရေပါရင် ပြီးရော ယူလာရတဲ့ ဗူးတွေပါ
မင်းမူးချင် မူးလို့ရပြီ။

__-____-____-____-____-____-____-____-____-____-____-____-____-__

Wednesday, April 22, 2009

ဟော့ ရှော့ နှစ်ဆယ့် ကိုး

Posted by ဏီမိုးz | Wednesday, April 22, 2009 | Category: | 3 comments

__________________________________________

အိပ်တော့မယ်
ဘာမှမစဉ်းစားချင်ဘူး
ဘာမှလဲ လုပ်ချင်စိတ်မရှိဘူး
အကုန်လုံးကို ခဏ ရပ်ထားချင်တယ်
ပေါက်ကွဲရတာလဲမောတယ်။

စိတ်ဖိစီးမှုက ဓါတ်ကူးသွားရင်မလွယ်ဘူး
စိတ်လေ တာတွေများနေတယ်
စိတ်ကလွှတ်ပေးလိုက်ရင် ပိုလွတ်သွားတာမျိုး
ချုပ်ထိန်းတာများသွားရင် ပေါက်ထွက်တာမျိုး
အတက်အကျ မှန်မှန် လေးပဲကောင်းပါတယ်။

လိုချင်တာရဖို့က
စိတ်နည်းနည်းတော့ ရှည်ပေးရမှာပေါ့
လူမရောက်နိုင်တဲ့ နေရာမရှိပါဘူးကွာ
အဲ့ဒီကောက်ရိုးမီးပဲ ပြသနာ။

လူတိုင်းမှာ ပျော့ကွက်ရှိပါတယ်
ကိုယ့် ပျော့ကွက်ကိုယ် အသိဆုံးပဲလေ
ဒီစက်ဝိုင်းထဲကဘယ်တော့လွတ်မြောက်မယ်မသိဘူး
စိတ်ကို ဆိုဆုံးမလို့မရသေးဘူး။

အတော် ပျော့ညံ့တယ်
တကယ်ပြောတာ
အသုံးကိုမကျဘူး
ဆုံးဖြစ်ချက်မနိုင်ဘူး။

ကြင်နာသူကလည်း ဝေးတယ်
မလိုက်နိုင်တော့ မလိုက်
မလိုက်တော့ ပိုဆိုး
ပိုဆိုးတော့ ပိုဝေးသွားတာပေါ့
အဲလို ဘော်လုံးကကွင်းတစ်ဝက်မှာလည်နေတာ။

ကိုယ်ကစိတ်ကို တင်းရင်လဲ အသေ
လွှတ်ရင်လဲ ပြန်ဆွဲမရတော့ဘူး
ခုလည်း စိတ်ပေါက်ပေါက်ရှိတာနဲ့ ကနေလိုက်တာ
တစ်ကယ်ဆို လုပ်စရာတွေက နောက်မှာအများကြီး
တစ်ခါတစ်လေ စိတ်ကိုချွန်းဖွင့်ပေးရတာ
ပေါ့သွားတာပေါ့ နည်းနည်း။

စိတ်မမာရင် လူမမာဘူး
အတိတ်ကို ဂငယ်ကွေ့ ကွေ့ တယ်
အတွင်းရေးတွေက
လက်တွေ့ဘ၀ကို ခြယ်လှယ်တယ်။

____________________________________________

Tuesday, April 21, 2009

ကြယ်ပြာ

Posted by ဏီမိုးz | Tuesday, April 21, 2009 | Category: | 0 comments

သံလိုက်အိမ်မြှောင်လည်းမယုံ
မြေပုံလည်းမယုံ
ခရီးကို စတင်ခဲ့
ကိုယ့် ပျက်ကွက်မှုမှာ
ကိုယ်ဒေါင်ချာ စိုင်းခဲ့

မင်းက ဂမ္ဘီရဆန်ဆန်
မြင်ရင်တစ်မျိုး မမြင်ရင်တစ်မျိုး လှသူပေါ့
ကြည်လင်တဲ့ မြစ်ဆိုတာ
နတ်ပြည်မှာရှိတာ
ဟောဒီ့ ၀ိုင်းထဲမှာရှိတာ

သွားစရာမရှိတော့
ခြေထောက်ကို ရိုက်ချိုးတယ်
တစ်ချို့ ပိုပြီးရဲရင့် လာ
ပြောပြီးသားတွေလည်းပြန်ပြန်မေ့လို့
တစ်ချို့ ပိုပြီးဆွံ့ အသွား
ဟိုမှာ အဆင်ပြေရဲ့လား
အပေါင်းအသင်းတို့ ။

အချာ အချာ
ခွက်လှည့် သိပ်ကြာတာပဲ
တစ်ယောက်ပြီးတစ်ယောက် မူးသွားတဲ့ ၀ိုင်းမှာ
တစ်ယောက်ပြီးတစ်ယောက် လျော့သွား
ရေကို အရက်နဲ့ မှားပြီလား
ကျွန်တော် မူးပေမဲ့
ကျွန်တော် မမူးသေးဘူး ဦးပိုင်။

အမှောင်ထဲမှာ
ဘောင်ထဲမှာ
မည်းမည်း ရိပ်ရိပ် မပီဝိုးဝါး
မီးသတ်ယောင်လား ကြံ့ ဖွတ်လား
အဘကို ဖုန်းဆက်တိုင်တော့လည်း
ချောင်းရိုက်ဖို့ သူပဲပြောတာ ။

လက်တစ်လုံးခြားကနေ
လက်တစ်လုံးကြား
လက်မတင်လေး
မန္တလေးဟာ သေဆုံးသွား
ဥပဒေဆိုတာ ငိုစားရီစား။

အပေါစားလို့တောင် မခေါ်ရက်ဘူး
အမည်မဲ့ အမှည့် ခြွေ
စခန်းမှုး အသစ် ချုပ်ထားတဲ့
တို့ ရွာသူ အဆင်ဆန်းလေးတွေ

ဆင်ကြီးကနေ ပုရွတ်ဆိတ်ထိ
အမြီးကျက်အမြီးစား
ခေါင်းကျက် ခေါင်စား

မျောက်မျက်နှာကိုလည်း မကြည့် ရဲဘူး
ကိုယ့်ဆုတောင်းတွေထဲမှာလည်း
ကိုယ်မပါတော့ဘူး
အိမ်ပြန်ပို့ကြပါ။

_______________________________________

Monday, April 20, 2009

ခိုစာ-၂

Posted by ဏီမိုးz | Monday, April 20, 2009 | Category: | 0 comments

သွေးပူလေ့ကျင့်ခန်းတောင် ခုမှစမှာ
မြူးသွားအောင် သီချင်းမြူးလေး ဖွင့်လိုက်
ခေါင်းကိုမှန်မှန်ညိမ့် သွင်သွင်ခါ
အထူအပါးမသိရင်
ကျောတစ်ရာ ရင်တစ်ရာ။

ရှင်နေတဲ့ စက်တွေကြား
လူနံ့ ထောင်းထောင်းထ
ရေအိုးထဲမှာလည်း ရေတွေကခန်းခြောက်
နီးရာဓါးကို ကြောက်ကြတယ် ကြောက်ရတယ်။

အရှင်လတ်လတ်
ဓါးအိမ်ကို ဓါးကသတ်နေတာမျိုး
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်တွေ
ညာတာပါတေးနဲ့
တစ်ယောက်အမြီးတစ်ယောက်
အမဲရိုး ၀ိုင်းချည်ကြတယ်
ကြည့် ရတာ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀။

ဟုတ်ပြီ မှီအောင်လိုက်ဖို့ က
ဆန့်ကျင်ဖက်ကိုပြေး
အမှန်အတိုင်းပြောရရင်
အကြောက်ကို အကန်နဲ့ပြေး
သြော် ခြောက်လပတ်အစည်းအဝေး။

ဝေး ပါ့ ကွာ
ကြိုက်သလောက်သောက် ကျသလောက်ရှင်း
စာလုံးကြီးကြီးတွေမြင်ရင် အော်အော်ပြီးဖတ်ပေါ့
ရွေ့တယ်ဆိုရုံ စလိုးမိုးရှင်းမှာ
ကိုယ်လည်းဝိုင်းပြီး
စနက်တံတွေကို မီးကူရှို့ပေးပါ့မယ်။

သံတိုင်ကြားက အရိုးကျ မျက်ဝန်းတစ်စုံ
ရွှေပြည်တော် မျှော်တိုင်းဝေး
မီးကလည်း နီပြီးရင် မစိမ်းတော့ဘူး အမေ။

ဂန္ဒီလို ကြာမှာလား
အမှန်တရားက တိုက်ယူမှရမယ်ဆို
အမျိုးအရင်းတွေလည်း ကျွန်တော်တိုက်တော့မှာ
နောက်တစ်ခါဆို ဘုန်းကြီးတွေ အားနာစရာ။

အသက်ကလည်း
တစ်ပေါက်ရှိရှင်
တစ်ပေါက်ပဲ ၀ိုင်းရှုကြရတာမျိုး
ထပ်ပြီး လုံး ပါး ပါး ဖို့က
ကိုယ်ငွေ့ ပဲ ကျန်တော့တာ။


တူညီတဲ့ အသံတွေရှိတယ်
မတူညီတဲ့ အသံတွေရှိတယ်
အလိုလို မျက်ရည်ပူတွေ ကျတယ်ဆိုရင်တောင်
အိမ်ပြန်မရောက်နိုင်သေးဘူး။

အမေပို့သတဲ့ မေတ္တာနဲ့ပဲ
ခိုတွေလို ရောက်ဖြစ်ပါတယ် အမေ့ဆီ။

____________________________________________

____________________________________________________

Sunday, April 19, 2009

ဝိရောဓိ ( ၀ါ ) ကိုယ်ပေါင်းစိတ်ခွာ

Posted by ဏီမိုးz | Sunday, April 19, 2009 | Category: | 1 comments

လားလား
အကောင်ကြီးကြီးအမြီးရှည်ရှည်
ဦးဏှောက်ထဲမှာ ဦးဏှောက်မရှိဘူး
စုန်းတောက်နေတဲ့ မိစ္ဆာလှောင်ချိုင့်ထဲမှာ
ဂီတကို အချိန်အဆနဲ့ မောင်းနှင်။

ဖိုမဆက်ဆံရေးနဲ့ ဂြိုလ်တုနည်းပညာ
ကမ္ဘာ့ ရွာကြီးထဲမှာ
ကျုပ်တို့ က သံခေတ်၊ကျောက်ခေတ်။
ဆပွားကမ်းခြေတစ်ခုပေါ်
သမီးရည်းစားအလည်လွန်တဲ့ ညတွေ
လှိုင်းတွေက ကျောက်ဆောင်ပေါ် အဆိပ်ဖြေတယ်။

လန်ဒန်မှာ ငှက်တွေမပျံဘူး ကိုငြိမ်း
ပေး နှစ်ဆယ် အမ်း
နှစ်ရာတန်ပေးတော့
မသိသလိုယူလိုက်ရတဲ့ ပုံမျိုး.
ခဲကြောင်းကိုမမှားအောင်ထိန်းတယ်။

အတွေ့ အကြုံကလည်း သေကာမှကုန်မှာပဲ
ဥာဏ်မရှိပဲ မိုက်
ကြိုးဝိုင်းပေါ်ရောက်မှ
နတ် ပူးမယ် ရူးမယ်။

စိတ်ကိုခိုင်ခိုင်ထား
စိတ်ဓါတ်ကျတာတွေ
ခရောင်းလမ်းတွေ
ကောက်ရိုးလှမ်းဆွဲတာက နောက်ဆုံးအထာ
အခက်အခဲမှာ ဖြတ်လမ်းကို သွေဖည်တယ်။

အသံလည်းဆိုး ရုပ်လည်းဆိုး
ရုပ်ဆိုးဆိုး သရဲတွေ
ဘ၀ကြီးက ငါ့ ကိုဖက်နေတာ
ကလူ...ကလူ...ကူပါ ..ကယ်ပါ
သေအံ့ မူးမူး
အများသုံး ဗီတာမင်နဲ့
သံယောဇဉ်ဆိုတာတွေ ဈေးခေါ်တယ်

ရေလည်းထိုး အလေးလည်းခိုး
ဒီလို ဒီလို ပြီးပြည့်စုံလာလိမ့်မယ်အထင်နဲ့
အသက်ပိုကြီးသွားတာ
အချိန်တွေပိုနှေးသွားတာ ပိုမြန်လာတာ။

ရှာမတွေ့သေးဘူး
ပျောက်ဆုံးနေတဲ့ မြို့ပျက်တွေ
မကျေမနပ်နဲ့ ပြုတ်ကျလာအုံးမဲ့ မနက်ဖြန်ရယ်
အနာဂတ်ဆိုတာ အနာကပ်တဲ့ ဆေးလား
မပြောပဲမျိုချလိုက်တာ အပြစ်ပိုကြီးတယ်

ဖြစ်အောင်လုပ်ရင် ဖြစ်တယ်ဆိုတာက
တစ်ထောင့် တစ်နေရာထားပါတော့
ထမင်းနှစ်နပ်စားရရင် တော်ပါပြီ
အသံကြားတိုင်း ကိုင်းကိုင်းပေးရတာကလွဲလို့
ပန်းတွေက အမှီမရှိလည်း ပွင့်တယ်။

ရုပ်လုံးမပေါ်သေးဘူးလား
ခြေသံမကြားရခင်တော့
အချစ်ဆိုတာ ရုပ်မမြင် အသံမကြား
စန္ဒကူးတယော
အဖုံးဖုံးထားတဲ့ ပင်လယ်။

စိတ်ထောင်းကိုယ်ကြေအစွဲတွေ
ဒီနေ့ ထုတ်လှမ်းဖြစ်တော့ မယ်ထင်ရဲ့။

Thursday, April 16, 2009

ယမထြာတန်ခိုး နဲ့ အသပြာမိုး

Posted by ဏီမိုးz | Thursday, April 16, 2009 | Category: | 1 comments

_______________________________________________________

မယုံဘူးလား ပြော
သစ္စာမရှိတာတွေ
တစ်ကယ်ရှိတယ်။

ဟေးလူ ...လူဟေး
ခင်ဗျားဟာက တံဆိပ်ကပ်မယ် နှပ်မယ်
တင်းသွားရင် ပျင်းသွားတဲ့ နိုင်ငံတော်သီချင်းတွေ။

ဆွဲစိ မလား
အတို့ အထိက ကလပ်ကဇယား
တစ်အနားပြေးကပ်တော့ တစ်ဆယ်။

''မိုက်ရင် ထောင်ထဲသွား''
ခါချဉ်အုံထဲက ခါချဉ်ကောင်
ဖင်ထောင်ပြီး ခဲတယ် ဆဲတယ်။

အပြည်ပြည်ဆိုင်ရာ အိပ်မှုံစုံမွှား
ဘူးမမှုတ်နဲ့ ငါ့သား
ဒူးနေရာဒူး တော်နေရာတော်။

ရွှေတစ်ဆစ် ငွေတစ်ဆစ် အထာနဲ့
မကောင်းတဲ့လေတွေ
ကောင်းတဲ့လေကို တိုက်ကြပြီ
အကြည့်မှာ အပူမိနေတဲ့ လှိုင်းတွေ။

ဟုတ်ပါ့မလား မောင်ကာလုရယ်
အလမယ်က မပြရပဲ ထောင်တယ်။
အကြောင်းကလေးပြပြပြီး စား ဟုတ်လား။

အမူးသမား ယောင်ဆောင်ပြီး
အရက် ခိုးသွန်တယ်
ပြီး အခုမှ ထထဖြည့် တဲ့ ရေ။

နောက်ဆံတင်းသလား ၀ါညို
အမှန်တရားက လည်ပင်းကို ဆုပ်ကိုင်တဲ့ အခါ
စွန့်လွှတ်မှုမရှိ ၊ ပိုင်ဆိုင်မှုမရှိ။

တစ်ကယ်ဆို
ဒီမိုကရေစီ ဒီမိုကရေစီ လို့ အော်လိုက်ရင်
မြေကြီးထဲက လက်တွေခြေတွေ ထွက်လာလိမ့်မယ်
ကိုယ့်ကိုယ်ကိုယ် ရှက်စို့ ကွာ။

______________________________________________________________

Tuesday, April 14, 2009

နစ်ချော်နေတဲ့ တေးသွား

Posted by ဏီမိုးz | Tuesday, April 14, 2009 | Category: | 1 comments

လေဖမ်းဒန်းစီး
မညီမျှတဲ့ ခေါင်းစီးတွေကို
ခေါင်းမှာပန်လို့
ဒီ့ထက်ကြီးတဲ့ လေဟာနယ်ထဲမှာ
အသားမာတွေလည်းတက်ခဲ့ ဖူးပြီ။

ဒီတစ်ခါ
နှာခေါင်းသွေးလျှံတာ
အလုပ်ပင်ပန်းရုံ မဟုတ်လောက်ဘူးထင်တယ်
ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်ခြင်းမှာ
ကိုယ်လည်း ကျင့် သားရခဲ့ ဖူးပြီ။

မပြောလည်းသိတယ်မဟုတ်လား
( သွားခါနီး လာခါနီး လုပ်ပြီ )
ကိုယ်ညီမကို အရမ်းချစ်တယ်
( တော်ပြီ ဖုန်းချလိုက်တော့မယ် )

တစ်ခု၊တစ်ကောင်၊တစ်ယောက်ထက်ပိုပြီး
အလွမ်းရဲ့ အကွာအဝေးကိုတိုင်းဖို့က
နေရောင်ခြည် ကျရောက်မြဲအတိုင်းတိုင်း
ဘာဆိုဘာမှ မတတ်နိုင်ခဲ့ဘူး။

ကိုယ်နေခါးကျ
အနည်အမှုန်ထမှ ပိုလှသလိုပဲ
မြောက်ပြန်လေက အရမ်းအေးတယ်။

မျိုးစေ့
အချိန်မကျခင် တစ်လူလူပွင့်လို့
ပြက္ခဒိန်တွေလည်း ရေစီးကမ်းပြို။

__________________________________________________________

Monday, April 13, 2009

ငါလည်းသင်္ကြန် ဖြစ်ချင်တယ်

Posted by ဏီမိုးz | Monday, April 13, 2009 | Category: | 2 comments

ဒီမနက်ပွင့်တဲ့ပိတောက်တွေက
ငါ့ကိုပလိန်းကြီး မပြေးသွားတယ်
သင်္ကြန်မရှိတော့
ငါလည်းသင်္ကြန်ဖြစ်ချင်တယ်
ဒိုး...သင်္ကြန်......ဒိုး။


တရုတ်ကြီးပါလား
ငံပြာရည်မှောက်လို့
သူ့အမေကြီးက မကွေးကဂိုးသမား
မဏ္ဏပ်ပေါ်မှာ
သူ့အကွေးနဲ့ အကက ကွကွ။

ရေလည်းလောင်းရင်း ဟိုဒင်း
အဟေးဟေး သင်္ကြန်သံချပ်တွေ
ရီရတာပေါ့ကွ ..ဗြဲ
မလောင်းပဲရွှဲတဲ့ ...ရေ
အားလုံးကိုမေတ္တာဝေပါတယ်
ခွေနေတဲ့ မောင်နီလေးလည်းပျော်ပါစေ။

အေ ဖိုးထူး မင်းမှတ်မိလား
သံဖြူဇရပ်သင်္ကြန် ၀င်းဦးသီချင်းလာဆိုတုန်းက
တို့ နှစ်ယောက်ပလပ်စတစ်ပုံးတွေ ကျောပိုးပြီး
ရေပြွတ်ကိုယ်စီနဲ့ လျှောက်ထိုးလျှောက်ပက်ခဲ့ကြတာ

ရို့
ရေဆိပ်မှာ...ရေရေလောင်း
ကျောင်းကျောင်းက...စော်စော်တွေ
ရေစိုပြီး ...ကော်ကော် ဖြစ်လို့
ကွက်ကွက်ကို ကွင်းရော်ဟေ
က က က က က က က က
...
.........
.............
မျက်စိမှိတ်လိုက်တာနဲ့
ရေတွေကျလာအုံးမှာ
ဆိုတော့
စိုပြီးသားအင်ကျီတွေပဲ
ပြန်ဝတ်သွားတော့မယ်။

Sunday, April 12, 2009

ဝရမ်းပြေး

Posted by ဏီမိုးz | Sunday, April 12, 2009 | Category: | 1 comments

ငယ်ငယ်က
တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် အဖျားသွေးကို
မန္တလေးမှာနာမည်ပေးခဲ့တာ
အိုဘဲ့ဘယ် ငါ့ရဲ့ ကြိုးဆွဲရုပ်ကလေး။

တင်ကူးပြောရရင်
ရောင်တော်ပြန်နဲ့မှလိုက်မဲ့လူတွေ
ပြေးပြီ
ဒီလို ဆုပ်ကပ်ထဲ။

လက်ရည်မညီလည်း
ဒီတစ်မိုက်တစ်ထွာနဲ့ ရင်ပေါင်တန်းရမှာ
တစ်ယောက်ထဲဆွဲပြေးလာပြီးမှ
ထိုးလှဲလိုက်ဖို့က ရှက်တယ်။

အိုးမဲသုတ်ဖို့က
အနားမှာဆုပ်ချည်ဖြန့်ချည်မျက်နှာတွေ
ပိတောက်တွေ ရွာသလို
ကြားနေကျစကားတွေထက်
ကြားချင်တဲ့ စကားတွေကြားဖို့
ကိုယ့်နဖူးကိုယ် နာနာပွေ့တယ်။

ငါယောင်ပြီးတော့မှ နှလုံးမအေးဘူး
ခါးကြိုးလျော့ဘောင်းဘီကို ဆွဲတင်ရတာအမော
ဒီလိုအလူးအလှိမ့်တွေရှိရင်
မိုးပြိုမှာလည်မကြောက်တော့ဘူး
တစ်ကောင်တစ်ကောင်ချင်း
တစ်ပွင့် တစ်ပွင့်ချင်း
တစ်လောကလုံးနဲ့ ယှဉ်ချင်ယှဉ်လို့ ရပြီ။

ဝဲကထပ်လှည့်ဖို့မှမလိုတာ
တွေ့လား
ရောင်းစားမလား တောင်းစားမလား တစ်ခုခုရွေး။

တစ်ခုခုကို ကယ်တင်လိုက်ရသလို ချိုချင်ချိုမယ်
သိမ်းကိုဧရာဝတီနဲ့ လဲမလားမေးသလို ခါးချင်ခါးမယ်
လေထဲလွင့်နေတဲ့ အမှိုက်တွေ။

ချောက်ထဲကျတိုင်း သိုင်းကျမ်းမတွေ့တတ်ဘူး ကွဲ့
ဒီအရပ်နဲ့ ဒီဇတ်က ရေငွေ့ဆန်တဲ့ ပင်လယ်
ခြိမ်းတဲ့ မိုးမရွာသလို
ဟောင်တဲ့ခွေးတိုင်းလည်းမကိုက်ဘူး

ရှမ်းကြီးက အညာမှာနေတော့ အညာဆန်တယ်
အညာသန်တယ်
မဆိုင်တာကို ဆိုင်မှာထပ်ဖြည့်သွား
အမြင့်ဆုံးပျံတာက လဒတွေ။

ဒီခင်တန်းကမလွမ်းတတ်ရင် ကျော်လို့မှမရတာ
မခေါ်ပဲလည်းလာရတော့မယ်
ချက်လို့ မအော်ပဲလည်းဂိမ်းတယ်။

ရမ်းပြီးပစ်တဲ့ ကျည်ဆံတွေက
မမှန်လည်းမှန် မှန်လည်းမှန်
အဲဒီနေ့တုန်းကလိုပဲ
ပြေးကြည့် တော့ မှ ပြေးရတော့တာ
ပြေးပြီးရင်လည်း ရပ်မရတော့ဘူး။


-------------------------------------------------------

Saturday, April 11, 2009

အသံမထွက်ပဲဖတ်

Posted by ဏီမိုးz | Saturday, April 11, 2009 | Category: | 2 comments

____________________________________________________________________
--------------------------------------------------------------------

ကြာလေ အရူးရင့်လေ
လမ်းမရှိတဲ့ ရွာ
နှင်းမရှိတဲ့ ဆောင်း
တေးမဆိုတဲ့ နွေ။

ဒီနေ့ ဂါထာက
အ၀တ်လျှော်စက်ထဲရောက်သွားတဲ့ တစ်ရှုးတစ်စ
လူကြားထဲ ပစ်ချထားခဲ့ တဲ့ နေကြာစေ့ ခွံတွေ

ဇတ်လိုက်ကလူမထိအောင် လေထဲလက်သီးထိုး
အံ့ကျော်ကြီး ဒိုင်ဗင်ထိုးလိုက်ရင် သိပ်ပျော်
ရွှေဘ သေလို့ မဖြစ်ဘူးနော်( ငှက်ကြီးတောင်ဓါးကြည့်ထား )
ပွဲပြီးရင် ရဲလာမယ်။

မင်းလည်း ဟော့ သွားအောင်
ဟိုဘက်ရွာရယ် ဒီဘက်ရွာရယ်
ညီမလေးရယ် ပန်းရယ် ပါအောင်ကဗျာလုပ်ပါလား။

ကြက်မကြီးက ရိုမီယိုနဲ့ ဂျူးလီးယက်မသိလည်း ပြုံးပြုံးပဲ
ပုံမှန် ဥဥတယ်။
စကားကို ဘယ်လိုလှအောင်ပြောပြော
ဝဏ္ဏကနဲ့ ဘီလူး အတူတူပဲဟ။

အဖိုးက ငှက်ပစ်ရင်း ငှက်သင့် တဲ့ အကြောင်းပြောမယ်
ပုံပြင်တွေကို ချစ်တတ်ရင် မင်းလည်းအဆိုးမြင်မယ်။

အချိန်စေ့ ခေါင်းလောင်းမထိုးခင်
ခလေးတွေ အုန်းလက်မြင်း စီးသလို
တက်ကလောက် တက်ကလောက်
အော်လည်းအော် ပြေးလည်းပြေး မောတာပေါ့

လက်ညှိုးထိုးရတာ ပိုကြိုက်တယ်မဟုတ်လား
သိုင်းကား ကြည့်ထားတယ်နော်
မျက်လုံးတွေ ပြာသွားမယ် မှတ် ။
အသံမထွက်ပဲဖတ် ကရော် ကရော် ။ ။


____________________________________________________________________________
----------------------------------------------------------------------------

Tuesday, April 07, 2009

အငြိမ့်

Posted by ဏီမိုးz | Tuesday, April 07, 2009 | Category: | 0 comments

ဘော်ဘော်တွေ
ဗောင်းတော် ညိမ့် ဖို့
ဘင်ဘင်ကို
တစ်ဗိန်းဗိန်းတီးမယ်
ဗုံး ဖြစ်ကရော့ ။

လေငြိမ်နေ့များရဲ့ မယ်လိုဒီ

Posted by ဏီမိုးz | | Category: | 1 comments

~#`#~~#`#~~#`#~~#`#~~#`#~~#`#~~#`#

ဒါဆို ဒါပဲလေ
စိတ်ကလေးကို ပျော်အောင်ထား။

ဒီရေ အတက်အကျမှာ
အခုတစ်ယောက်ကိုတစ်ယောက်
ဆယ့် ခြောက်နာရီကျော် ဝေးကြပြီ။

တစ်ဟုန်ထိုး အဖွင့် အပိတ်မှာ
ဖုန်ခါလိုက်ရင်
လင်းသွားမှာ လက်သွားမှာ

အလကားနေ အလကား
အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားတွေ

စိတ်ဓါတ်ကျနေရင် ပါးပိတ်ရိုက်လိုက်
ကြေးစည်လို ဒူဝေေ၀အော်ပြီးရင် ကောင်းသွားရော့ထင် ။

စကားကိုဖြတ်ဖြတ်ပြောတာမကြိုက်ဘူး
စောင်းကြိုးလည်းမတင်းနဲ့
ရှမ်းမပြီးခင် ဗမာလည်းမမြင်စေနဲ့။

စိတ်ကို လေးကိုင်းမှာတင်ပြီးဆော့မယ်
မြစ်ဖျားခံပြီးရင် ပင်လယ်ထဲရောက်မှာသေချာ
တစ်ယောက်ငိုရင် တစ်အိမ်လုံးလိုက်ငိုတဲ့ မိသားစု
မိုက်ချင်ရင်လွယ်လွယ်လေး
ဂျွမ်းထိုးလိုက်တာနဲ့ လိမ့်သွားမှာ။

ထိန်းနေတဲ့ ကြားက လွတ်လွတ်နေတာ
ဘာအာရုံကိုမှ ဂရုမစိုက်ချင်တော့ဘူး။

ပြန်ထူထောင်ဖို့က အားလုံးလုပ်ယူရမဲ့ ကိစ္စ
သံချေးတက်မျက်ရည်ကို ပုံသွင်းဖို့
ပြတ်ပြတ်သားသား မိုရ်တွေပေးပါ။

ပေါ့ပေါ့လေး အောက်မေ့ နေလား
ချိတ်ချိတ်ချင်းချိတ်တဲ့ အမှုမှာ
အမြဲတမ်းမင်းမှားတယ်ဆိုလည်း တစ်ယူသန်
သမိုင်းထဲမှာ နပိုလီယံပျောက်နေတယ်။

စိတ်ကို တိုင်ပတ်ခွင့် ပြုလိုက်ပြီ
အရူးများရင်များသလို
ဆေးကိုပြင်းပြင်းလေး ပုတ်ပေးကြပါ။

သလောက်လောက်များတဲ့ သံလမ်း
ရထားအမှန် မရွေးတတ်သေးဘူး
ခြေဦးတည့် ရာ ခြေဦးလှည့် ဖို့ က
နောက်ဂီယာထိုးပြီးသား

မှန်ကိုခွဲပြီးထွက်လာတဲ့ ဥသြတွေ
လရောင်ဆီ ခရီးသွားတဲ့ အခါ
သိင်္ဂါရရသတွေ ပြို
ကိုယ့် ပုခုံးပေါ်မှာ ငို။

ထွေးလုံးရစ်ပတ်
စပါးကြီးမြွေလို ခြေပြီးတော့မှ
တစ်ယောက်ကိုတစ်ယောက်
အကောင်လိုက်မြိုကြတာ ရီစရာကောင်းတယ်။

ပျင်းစရာကောင်းတာကိုက
ပျင်းစရာကောင်းနေတာ
လမ်းတွေကို အဖြောင့်လိုက်ချထားတာ
ကြုံသလိုပြောရမှာ သမိုင်းပေးတာဝန်ပ။

ဒရွတ်ခေါ်ဖို့ ကျ
ဆန့်ငင်ဆွဲနေတဲ့ ဇမြင်ဇွဲတွေ
ရေမျောနေတဲ့ ပင်လယ်
မီးလောင်နေတဲ့ မီးသတ်ကား

ချယ်ရီပန်း ကြည့် ပွဲလို
ငါ မချစ်ပဲလည်း မနေနိုင်ပြန်ဘူး။

သိပ်ကိုလှပတဲ့ ရင်သိမ့်တုန် စွန့်စားခန်းတွေပေါ့
တစ်ထပ်တည်းကျခဲ့ ဖူးတဲ့ ရောင်စုံဘော်လုံးတွေ
အခုအဝေးမှာ ဖားတွေအော်သေးလား...
အုံ မြည်သံကြား သက်ငြိမ် ။

ဒီဖားတွေကို အကုန်ရိုက်သတ်လိုက်ဖို့ ကခက်တယ်
သိပ်ကို အရင်းအနှီးများတယ်
မလွမ်းလောက်သေးဘူးဆိုလည်း
မက်မက်မောမော အိမ်စာတွေ
ထပ်ပေးအုံးမယ်။...။



~#`#~~#`#~~#`#~~#`#~~#`#~~#`#~~#`#

Monday, April 06, 2009

ဇ ကွဲ ရေ ဇ

Posted by ဏီမိုးz | Monday, April 06, 2009 | Category: | 0 comments

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ဆုံမယ်လေ
နေရောင်ခြည်ကို ဆေးအသစ်သုတ်ပြီးမှ

ကိုယ်က ရှေ့တိုးသွားတာ မဟုတ်ဘူး
သူက နောက်ဆုတ်ဆုတ်သွားတာ
သွေးကျဲတယ်

ဘယ်လိုညှိညှိ မီးမစွဲဘူး
ရေစိုနေတဲ့ ငရဲတွေ

ဦးခေါင်းထဲမှာ ဧကစာဖွဲ့ လို့
ငိုယိုနေတဲ့ အဆိပ်တွေ
ပိတ်မိနေတဲ့ ယင်ကောင်
ဒဏ္ဏာရီထဲက နဂါးလိုလိုကောင်တွေ

ဒီလိုထမင်းများများ ဟင်းနည်းနည်း
ဒီလို မျက်ရည်ဝဲတတ်တဲ့ အကျင့် ကမကောင်းဘူး။

_________________________________

Thursday, April 02, 2009

အချိန်ကိုကြည့် ပြီး က ကပြီးအချိန်ကိုကြည့်

Posted by ဏီမိုးz | Thursday, April 02, 2009 | Category: | 0 comments

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-

တော်စမ်းပါ
ဘင်္ဂလား ယုံတမ်းစကားတွေ
အလင်းကို ခုန်အုပ်ဖို့
အမှောင်ကို စောင်လိုခြုံပြီး စောင့်မယ်။

ပေါက်တယ် မဟုတ်လား
အဘတို့ က ရိုက်ပေါက်
လူခုတ်ခံရတဲ့ စုန်း
လူမုန်းများတဲ့ ရွှေရောင် ကတိတွေနဲ့
သံယောဇဉ်ကို အမှောင်ချတယ်။

သားက အမေပေါ် မှီတယ်
ကြောင်က သစ်ပင်ပေါ် မှီတယ်
သစ်ပင်က မြေကြီးပေါ် မှီတယ်။

ဘိန်းအစားထိုးသီးနှံနဲ့ တရုတ်သံတမန်ဆက်ဆံရေး
တွန်းအားတစ်ခုက တွန်းအားတစ်ခုကို ချီပိုးတယ်။

စူးစူးဝါးဝါး ဓါတ်စာတွေ
ဗို့ အားတစ်သိန်းရှိတယ်။

သံလည်းမီးထိရင် အရည်ပျော်တာပဲ
ရေတိမ်ရင် ရေနောက်တာပဲလို့
ရင်မှာမချိတဲ့ ရေနည်းငါးတွေကပြောတယ်။

အလကားပြောတာ
အတည်ပြောတာ
နားထဲဝင်ရင် နားခါးမယ်။

ဒီလိုကွ မမြင်ရရင် မရှင်းဘူး
ရှင်းပြရရင်လည်း
ဘုရားနှစ်ဆူပွင့် လောက်ကြာမယ်။

လက်ကလေးပိုက်
ခဏငြိမ်
ထုံနေတဲ့ မီးတောင်သေ ။

မိုးရဲရဲ ဆောင်းရဲရဲ
ရှုံးမဲ မဲနေတဲ့ ခလေးလို
အားလုံးရမှ လိုချင်တယ်။

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x