Monday, April 27, 2009

လှိုင်းပုတ်တဲ့ လှေ

Posted by ဏီမိုးz | Monday, April 27, 2009 | Category: |

နွေရာသီမြူးဇစ်က
သူ့စကပ်အတိုကို ဆွဲဆွဲချနေတုန်း
အနားမှာ ဒုသနသော တွေ ဒတ်လဗိုင်။

တော်လှန်ကဗျာကို ကမာဝါမဖတ်နဲ့
သွေးထဲကနေခံယူရမဲ့ တာဝန်တွေ ၀တ္တရားတွေ။
ဒီလိုဥပါဒန်နဲ့ ဆို
သံသရာဆက်တိုင်း မကျွတ်မလွတ်ကြေး။

အရိုးတိုင်းမှာ အရိုးသမိုင်းရှိတယ်
သမိုင်းမသိတဲ့သူတွေက
သမိုင်းအရေးမကြီးသလိုပြောမယ်
ယဉ်ကျေးမှုမရှိတဲ့သူတွေက
ယဉ်ကျေးမှုအရေးမကြီးသလိုပြောမယ်။

ပန်းချီကားက စောင်းနေတာမဟုတ်ဘူး
ပန်းချီက စောင်းနေတာ
အမြင်ကြည်ဖို့လိုတယ်။

အိမ်ရှေ့တံခါးကို ကျောပေးထိုင်တဲ့ ညီမလေး
ဒီလို အိတ်အိုင်ဗွီ ပေါ့စတစ်လိုက်ရှိုးမှာ
ဘမျိုးဘိုးတူအကြွေးကို
ဖြည်းဖြည်းချင်း ဖဲ့ ဆပ်ကြတာပေါ့ ။
သားသုံးသား ဆေးသုတေသနမှာ
ကြွက်သေတွေသိပ်များနေပြီ အမေ။

အသက်တွေ အဆက်အစပ်မဲ့ နေရင်တော့
မနက်ဖြန်ဆိုတာ ကျောရိုးမဲ့ ကမ်းခြေ
အကြမ်းရေးလိုက် ပြန်ဖျက်လိုက်နဲ့
သင်ရိုးက အခြေခံမှာစပြီး အခြေခံမှာဆုံးတယ်
ချောင်းပစ်ခံရတဲ့ သံလွင်။

အရှေ့ ဆုံးက ပန်းဝင်လာတဲ့ အလွမ်းတွေ
ကျားရိုးကျွေးပြီး ရှူးတိုက်
သေအောင်ကိုက်ခိုင်းပြီးမှ
သံသယနှာခေါင်းတွေအောက်မှာ အနံ့ မလုံဖြစ်ကြ။

ဝေေ၀က ဖန်ဖန်ခုန်တမ်းဆော့ တယ်
အင်္ဂလန်နဲ့ ဂျပန်က တောခိုဖို့ အကောင်းဆုံးနေရာတွေ
ဘာဘီကြူနဲ့ တိုက်ပွဲခေါ်သံ ကမ္ဘာမကြေ
အဆီပြန်နေတဲ့ မျက်နှာတွေ
ကဗျာထဲက အသားတုတွေ။

ခွေးတောက်မြစ် သွေးလူးလိုက်အုံး မိတ်ဆွေတို့
ကိုယ့် အမြီးကိုယ်ကိုက်မဲ့ အစား
ကိုယ့် လျှာကိုယ် ရဲရဲကိုက်
သေလိုက်ကြမယ်။

သတင်းနဲ့ နည်းပညာ ဆင်ဆာအောက်က
လူထု ကြေငြာစာတမ်း
လူ့ အခွင့် အရေးဆိုင်ရာ အမြင့်ဆုံးဆုနဲ့
ဝေလငါးလို မျိုးသုဉ်းတော့မဲသယံဇာတတွေ
ယိုစီးနေတဲ့ လူ့အရင်းအမြစ်တွေ။

သားထမ်းလာတဲ့ ရေအိုးထဲမှာ
ဆေးခတ်ထားတဲ့ ဧရာဝတီ
မျက်နှာဖုံးလှလှတွေဆို သိပ်ချစ်တဲ့ ကောင်မလေး
ငွေဖြူဖြစ်ဖြစ် ငွေမည်းဖြစ်ဖြစ်
တဖျတ်ဖျတ်လူးတတ်တဲ့ ငါးတွေလည်း
အပြစ်မဆိုရက်တော့ဘူး အမေ။

သြော် လောကကြီးက ထူးဆန်းတယ်
ကြာလိုဝေတဲ့ အချစ်တွေ
ပြာလိုဝေတဲ့ အချစ်တွေ
ငြိမ်နေပါတယ်ဆိုမှ
အသံတွေ ဖြတ်ဖြတ်ဝင်လာတယ်
အေးလေ မှန်တယ်ထင်လို့ လုပ်လာပြီးတော့ မှ
မှားတယ်လို့ လည်း ကိုယ့်ကိုယ်ကိုယ်
မ ယူ ဆ ရက် ကြ တော့ ပါ ဘူး ။

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x

Currently have 0 comments:


Leave a Reply