Sunday, April 19, 2009

ဝိရောဓိ ( ၀ါ ) ကိုယ်ပေါင်းစိတ်ခွာ

Posted by ဏီမိုးz | Sunday, April 19, 2009 | Category: |

လားလား
အကောင်ကြီးကြီးအမြီးရှည်ရှည်
ဦးဏှောက်ထဲမှာ ဦးဏှောက်မရှိဘူး
စုန်းတောက်နေတဲ့ မိစ္ဆာလှောင်ချိုင့်ထဲမှာ
ဂီတကို အချိန်အဆနဲ့ မောင်းနှင်။

ဖိုမဆက်ဆံရေးနဲ့ ဂြိုလ်တုနည်းပညာ
ကမ္ဘာ့ ရွာကြီးထဲမှာ
ကျုပ်တို့ က သံခေတ်၊ကျောက်ခေတ်။
ဆပွားကမ်းခြေတစ်ခုပေါ်
သမီးရည်းစားအလည်လွန်တဲ့ ညတွေ
လှိုင်းတွေက ကျောက်ဆောင်ပေါ် အဆိပ်ဖြေတယ်။

လန်ဒန်မှာ ငှက်တွေမပျံဘူး ကိုငြိမ်း
ပေး နှစ်ဆယ် အမ်း
နှစ်ရာတန်ပေးတော့
မသိသလိုယူလိုက်ရတဲ့ ပုံမျိုး.
ခဲကြောင်းကိုမမှားအောင်ထိန်းတယ်။

အတွေ့ အကြုံကလည်း သေကာမှကုန်မှာပဲ
ဥာဏ်မရှိပဲ မိုက်
ကြိုးဝိုင်းပေါ်ရောက်မှ
နတ် ပူးမယ် ရူးမယ်။

စိတ်ကိုခိုင်ခိုင်ထား
စိတ်ဓါတ်ကျတာတွေ
ခရောင်းလမ်းတွေ
ကောက်ရိုးလှမ်းဆွဲတာက နောက်ဆုံးအထာ
အခက်အခဲမှာ ဖြတ်လမ်းကို သွေဖည်တယ်။

အသံလည်းဆိုး ရုပ်လည်းဆိုး
ရုပ်ဆိုးဆိုး သရဲတွေ
ဘ၀ကြီးက ငါ့ ကိုဖက်နေတာ
ကလူ...ကလူ...ကူပါ ..ကယ်ပါ
သေအံ့ မူးမူး
အများသုံး ဗီတာမင်နဲ့
သံယောဇဉ်ဆိုတာတွေ ဈေးခေါ်တယ်

ရေလည်းထိုး အလေးလည်းခိုး
ဒီလို ဒီလို ပြီးပြည့်စုံလာလိမ့်မယ်အထင်နဲ့
အသက်ပိုကြီးသွားတာ
အချိန်တွေပိုနှေးသွားတာ ပိုမြန်လာတာ။

ရှာမတွေ့သေးဘူး
ပျောက်ဆုံးနေတဲ့ မြို့ပျက်တွေ
မကျေမနပ်နဲ့ ပြုတ်ကျလာအုံးမဲ့ မနက်ဖြန်ရယ်
အနာဂတ်ဆိုတာ အနာကပ်တဲ့ ဆေးလား
မပြောပဲမျိုချလိုက်တာ အပြစ်ပိုကြီးတယ်

ဖြစ်အောင်လုပ်ရင် ဖြစ်တယ်ဆိုတာက
တစ်ထောင့် တစ်နေရာထားပါတော့
ထမင်းနှစ်နပ်စားရရင် တော်ပါပြီ
အသံကြားတိုင်း ကိုင်းကိုင်းပေးရတာကလွဲလို့
ပန်းတွေက အမှီမရှိလည်း ပွင့်တယ်။

ရုပ်လုံးမပေါ်သေးဘူးလား
ခြေသံမကြားရခင်တော့
အချစ်ဆိုတာ ရုပ်မမြင် အသံမကြား
စန္ဒကူးတယော
အဖုံးဖုံးထားတဲ့ ပင်လယ်။

စိတ်ထောင်းကိုယ်ကြေအစွဲတွေ
ဒီနေ့ ထုတ်လှမ်းဖြစ်တော့ မယ်ထင်ရဲ့။

1 comment:

  1. ရောက်တယ် အကိုရေ အားပေးလျှက်ပါ ကဗျာတွေလာလာဖတ်ဖြစ်တယ်
    အားလုံးလိုနီးပါ ကြိုက်တယ် ကောင်းသောနေ့ဗျာ :)

    ReplyDelete