Tuesday, April 07, 2009

လေငြိမ်နေ့များရဲ့ မယ်လိုဒီ

Posted by ဏီမိုးz | Tuesday, April 07, 2009 | Category: |

~#`#~~#`#~~#`#~~#`#~~#`#~~#`#~~#`#

ဒါဆို ဒါပဲလေ
စိတ်ကလေးကို ပျော်အောင်ထား။

ဒီရေ အတက်အကျမှာ
အခုတစ်ယောက်ကိုတစ်ယောက်
ဆယ့် ခြောက်နာရီကျော် ဝေးကြပြီ။

တစ်ဟုန်ထိုး အဖွင့် အပိတ်မှာ
ဖုန်ခါလိုက်ရင်
လင်းသွားမှာ လက်သွားမှာ

အလကားနေ အလကား
အပ်ကြောင်းထပ်နေတဲ့ ဓါတ်ပြားတွေ

စိတ်ဓါတ်ကျနေရင် ပါးပိတ်ရိုက်လိုက်
ကြေးစည်လို ဒူဝေေ၀အော်ပြီးရင် ကောင်းသွားရော့ထင် ။

စကားကိုဖြတ်ဖြတ်ပြောတာမကြိုက်ဘူး
စောင်းကြိုးလည်းမတင်းနဲ့
ရှမ်းမပြီးခင် ဗမာလည်းမမြင်စေနဲ့။

စိတ်ကို လေးကိုင်းမှာတင်ပြီးဆော့မယ်
မြစ်ဖျားခံပြီးရင် ပင်လယ်ထဲရောက်မှာသေချာ
တစ်ယောက်ငိုရင် တစ်အိမ်လုံးလိုက်ငိုတဲ့ မိသားစု
မိုက်ချင်ရင်လွယ်လွယ်လေး
ဂျွမ်းထိုးလိုက်တာနဲ့ လိမ့်သွားမှာ။

ထိန်းနေတဲ့ ကြားက လွတ်လွတ်နေတာ
ဘာအာရုံကိုမှ ဂရုမစိုက်ချင်တော့ဘူး။

ပြန်ထူထောင်ဖို့က အားလုံးလုပ်ယူရမဲ့ ကိစ္စ
သံချေးတက်မျက်ရည်ကို ပုံသွင်းဖို့
ပြတ်ပြတ်သားသား မိုရ်တွေပေးပါ။

ပေါ့ပေါ့လေး အောက်မေ့ နေလား
ချိတ်ချိတ်ချင်းချိတ်တဲ့ အမှုမှာ
အမြဲတမ်းမင်းမှားတယ်ဆိုလည်း တစ်ယူသန်
သမိုင်းထဲမှာ နပိုလီယံပျောက်နေတယ်။

စိတ်ကို တိုင်ပတ်ခွင့် ပြုလိုက်ပြီ
အရူးများရင်များသလို
ဆေးကိုပြင်းပြင်းလေး ပုတ်ပေးကြပါ။

သလောက်လောက်များတဲ့ သံလမ်း
ရထားအမှန် မရွေးတတ်သေးဘူး
ခြေဦးတည့် ရာ ခြေဦးလှည့် ဖို့ က
နောက်ဂီယာထိုးပြီးသား

မှန်ကိုခွဲပြီးထွက်လာတဲ့ ဥသြတွေ
လရောင်ဆီ ခရီးသွားတဲ့ အခါ
သိင်္ဂါရရသတွေ ပြို
ကိုယ့် ပုခုံးပေါ်မှာ ငို။

ထွေးလုံးရစ်ပတ်
စပါးကြီးမြွေလို ခြေပြီးတော့မှ
တစ်ယောက်ကိုတစ်ယောက်
အကောင်လိုက်မြိုကြတာ ရီစရာကောင်းတယ်။

ပျင်းစရာကောင်းတာကိုက
ပျင်းစရာကောင်းနေတာ
လမ်းတွေကို အဖြောင့်လိုက်ချထားတာ
ကြုံသလိုပြောရမှာ သမိုင်းပေးတာဝန်ပ။

ဒရွတ်ခေါ်ဖို့ ကျ
ဆန့်ငင်ဆွဲနေတဲ့ ဇမြင်ဇွဲတွေ
ရေမျောနေတဲ့ ပင်လယ်
မီးလောင်နေတဲ့ မီးသတ်ကား

ချယ်ရီပန်း ကြည့် ပွဲလို
ငါ မချစ်ပဲလည်း မနေနိုင်ပြန်ဘူး။

သိပ်ကိုလှပတဲ့ ရင်သိမ့်တုန် စွန့်စားခန်းတွေပေါ့
တစ်ထပ်တည်းကျခဲ့ ဖူးတဲ့ ရောင်စုံဘော်လုံးတွေ
အခုအဝေးမှာ ဖားတွေအော်သေးလား...
အုံ မြည်သံကြား သက်ငြိမ် ။

ဒီဖားတွေကို အကုန်ရိုက်သတ်လိုက်ဖို့ ကခက်တယ်
သိပ်ကို အရင်းအနှီးများတယ်
မလွမ်းလောက်သေးဘူးဆိုလည်း
မက်မက်မောမော အိမ်စာတွေ
ထပ်ပေးအုံးမယ်။...။



~#`#~~#`#~~#`#~~#`#~~#`#~~#`#~~#`#

1 comment:

  1. ဘာပြောရမှန်းမသိလောက်အောင်ကိုမင်သက်သွားမိတယ်ဗျာ။ကောင်းလိုက်တာ။

    လေးစားစွာဖြင့်
    ရဲဝင့်သူ

    ReplyDelete