Monday, April 20, 2009

ခိုစာ-၂

Posted by ဏီမိုးz | Monday, April 20, 2009 | Category: |

သွေးပူလေ့ကျင့်ခန်းတောင် ခုမှစမှာ
မြူးသွားအောင် သီချင်းမြူးလေး ဖွင့်လိုက်
ခေါင်းကိုမှန်မှန်ညိမ့် သွင်သွင်ခါ
အထူအပါးမသိရင်
ကျောတစ်ရာ ရင်တစ်ရာ။

ရှင်နေတဲ့ စက်တွေကြား
လူနံ့ ထောင်းထောင်းထ
ရေအိုးထဲမှာလည်း ရေတွေကခန်းခြောက်
နီးရာဓါးကို ကြောက်ကြတယ် ကြောက်ရတယ်။

အရှင်လတ်လတ်
ဓါးအိမ်ကို ဓါးကသတ်နေတာမျိုး
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်တွေ
ညာတာပါတေးနဲ့
တစ်ယောက်အမြီးတစ်ယောက်
အမဲရိုး ၀ိုင်းချည်ကြတယ်
ကြည့် ရတာ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀။

ဟုတ်ပြီ မှီအောင်လိုက်ဖို့ က
ဆန့်ကျင်ဖက်ကိုပြေး
အမှန်အတိုင်းပြောရရင်
အကြောက်ကို အကန်နဲ့ပြေး
သြော် ခြောက်လပတ်အစည်းအဝေး။

ဝေး ပါ့ ကွာ
ကြိုက်သလောက်သောက် ကျသလောက်ရှင်း
စာလုံးကြီးကြီးတွေမြင်ရင် အော်အော်ပြီးဖတ်ပေါ့
ရွေ့တယ်ဆိုရုံ စလိုးမိုးရှင်းမှာ
ကိုယ်လည်းဝိုင်းပြီး
စနက်တံတွေကို မီးကူရှို့ပေးပါ့မယ်။

သံတိုင်ကြားက အရိုးကျ မျက်ဝန်းတစ်စုံ
ရွှေပြည်တော် မျှော်တိုင်းဝေး
မီးကလည်း နီပြီးရင် မစိမ်းတော့ဘူး အမေ။

ဂန္ဒီလို ကြာမှာလား
အမှန်တရားက တိုက်ယူမှရမယ်ဆို
အမျိုးအရင်းတွေလည်း ကျွန်တော်တိုက်တော့မှာ
နောက်တစ်ခါဆို ဘုန်းကြီးတွေ အားနာစရာ။

အသက်ကလည်း
တစ်ပေါက်ရှိရှင်
တစ်ပေါက်ပဲ ၀ိုင်းရှုကြရတာမျိုး
ထပ်ပြီး လုံး ပါး ပါး ဖို့က
ကိုယ်ငွေ့ ပဲ ကျန်တော့တာ။


တူညီတဲ့ အသံတွေရှိတယ်
မတူညီတဲ့ အသံတွေရှိတယ်
အလိုလို မျက်ရည်ပူတွေ ကျတယ်ဆိုရင်တောင်
အိမ်ပြန်မရောက်နိုင်သေးဘူး။

အမေပို့သတဲ့ မေတ္တာနဲ့ပဲ
ခိုတွေလို ရောက်ဖြစ်ပါတယ် အမေ့ဆီ။

____________________________________________

____________________________________________________

Currently have 0 comments:


Leave a Reply