Thursday, April 02, 2009

အချိန်ကိုကြည့် ပြီး က ကပြီးအချိန်ကိုကြည့်

Posted by ဏီမိုးz | Thursday, April 02, 2009 | Category: |

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-

တော်စမ်းပါ
ဘင်္ဂလား ယုံတမ်းစကားတွေ
အလင်းကို ခုန်အုပ်ဖို့
အမှောင်ကို စောင်လိုခြုံပြီး စောင့်မယ်။

ပေါက်တယ် မဟုတ်လား
အဘတို့ က ရိုက်ပေါက်
လူခုတ်ခံရတဲ့ စုန်း
လူမုန်းများတဲ့ ရွှေရောင် ကတိတွေနဲ့
သံယောဇဉ်ကို အမှောင်ချတယ်။

သားက အမေပေါ် မှီတယ်
ကြောင်က သစ်ပင်ပေါ် မှီတယ်
သစ်ပင်က မြေကြီးပေါ် မှီတယ်။

ဘိန်းအစားထိုးသီးနှံနဲ့ တရုတ်သံတမန်ဆက်ဆံရေး
တွန်းအားတစ်ခုက တွန်းအားတစ်ခုကို ချီပိုးတယ်။

စူးစူးဝါးဝါး ဓါတ်စာတွေ
ဗို့ အားတစ်သိန်းရှိတယ်။

သံလည်းမီးထိရင် အရည်ပျော်တာပဲ
ရေတိမ်ရင် ရေနောက်တာပဲလို့
ရင်မှာမချိတဲ့ ရေနည်းငါးတွေကပြောတယ်။

အလကားပြောတာ
အတည်ပြောတာ
နားထဲဝင်ရင် နားခါးမယ်။

ဒီလိုကွ မမြင်ရရင် မရှင်းဘူး
ရှင်းပြရရင်လည်း
ဘုရားနှစ်ဆူပွင့် လောက်ကြာမယ်။

လက်ကလေးပိုက်
ခဏငြိမ်
ထုံနေတဲ့ မီးတောင်သေ ။

မိုးရဲရဲ ဆောင်းရဲရဲ
ရှုံးမဲ မဲနေတဲ့ ခလေးလို
အားလုံးရမှ လိုချင်တယ်။

x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x-x

Currently have 0 comments:


Leave a Reply