Tuesday, March 31, 2009

ငါလူလည်ပါ အောင်ထွန်း ရာ

Posted by ဏီမိုးz | Tuesday, March 31, 2009 | Category: |

x-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-x


မလေး ပန်ဖို့ ခူး ရည်စူး တဲ့ ခရေ
အမြင်ကို ဖမ်းပိတ်လိုက်တဲ့ နံရံ
ဘ၀မှာနေဖို့လား သေဖို့လား
အနှစ်မဲ့တဲ့အော်သံတွေ။

ငါလူလည်ပါ အောင်ထွန်းရာ
လာစမ်းပါ ရွာကအလှူလို အ၀စား
ပြီး ...မရှင်းနိုင်ရင် ပြေးကြမယ် နှစ်ယောက်သား။

မရှိမဖြစ်ဆိုတာမရှိဘူး
အကောင်းဆုံးတွေရဲ့ အကောင်းဆုံးဆိုတာတွေအတွက်
မျက်ရည်တစ်သက်နဲ့ ကျေနပ်လိုက်တော့မယ်။

ပြောခွင့် မပေးတော့ တဲ့ ဖနောင့် သံ
မယုံနိုင်လွန်းလို့ ယုံပေးလိုက်ရတဲ့ ထောင့် ချိုး
ဘာလို့ ဒီလောက်အနက်ထိ ငါ့ ကိုပစ်ချထားခဲ့တာလဲ
ပျော်ရွှင်သောလက်တွေကို ဖြတ်ပစ်ရတော့မယ်။

စိတ်မကြီးနဲ့ အရင်လိုနှာခေါင်းသွေးလျှံနေအုံးမယ်
အရေးပေါ် အချက်ပေး ခေါင်းလောင်းသံ
ချစ်လွန်းလို့ နောက်ဆုတ်ပေးခဲ့ တဲ့ နှုတ်ဆက်သီချင်း
မင်းကိုမေ့ပစ်ဖို့ ရေကြည်ရာမြက်နုရာရှာမယ်။

ခွေးတွေဟာ သခင်သိသလို
အချစ်နဲ့ သေမင်းဟာ အမှန်တရားအောက်မှာပဲဒူးထောက်တယ်
အရင်လို နှင်းဆီပန်းတွေ မကြိုက်တော့ပါဘူးဆိုတဲ့ ဇောက်ထိုးကောင်
ငါ့ကို ရောဂါပိုးတွေလို စားသုံးတယ်။

နာနေတဲ့ အသိကို နာနာသံမှိုဆွဲရမယ်
လွတ်သွားတဲ့ ငါးတွေလည်းပုံမှန်ပါလို့ ချွေးသိပ်မယ်
အမြန်ပြေးဖို့အတွက် ကော်ဖီခွက်ကိုလွှင့်ပစ်ခဲ့တယ်။

တိုင်ပင်စရာမရှိတော့တဲ့ လက်ညိုး
ပြင်းပြတဲ့ စိတ်ကို
ပြင်းပြတဲ့စိတ်က ပြန်သတ်တယ်
မျက်ကန်းမှာ တစ္ဆေမရှိဘူး။

အဆုံးမှာ ပြန်မမှတ်မိကြတော့ဘူးဆိုရင်
အစလည်း သိပ်အရေးမကြီးပါဘူးကွာ။
အရေးပေါ် နှုတ်ပိတ်တော့မဲ့ အချစ်ကို
မေးထူးခေါ်ပြောမလုပ်ဖို့ စီရင်တယ်။

တံငါနားနီး တံငါ
နူးညံ့ မှုကို ပန်းအိုးထဲမှာထား
အလုပ်တွေထဲ နှစ်မြုပ်ပစ်လိုက်တော့မယ်။
ငါလူလည်ပါ အောင်ထွန်းရာ
ဘယ်တော့ မှ သီးမကွဲဘူး။ .... ။

x-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-xx-x-x-x-x-x-x-x-x-x

1 comment:

  1. တိုင်ပင်စရာမရှိတော့တဲ့ လက်ညိုး
    ပြင်းပြတဲ့ စိတ်ကို
    ပြင်းပြတဲ့စိတ်က ပြန်သတ်တယ်
    မျက်ကန်းမှာ တစ္ဆေမရှိဘူး။

    အားပါးပါးသေသွားမယ်နော်စာသားကလန်ထွက်နေတာပဲ။အားကျပါရဲ့။

    လေးစားစွာဖြင့်

    ReplyDelete