Wednesday, May 20, 2009

မနက်ဖြန်အလွန်

Posted by ဏီမိုးz | Wednesday, May 20, 2009 | Category: | 0 comments

ဘ၀တိုတို
အချစ်တိုတို
ဆေးလိပ်တိုတို။

မရှိခဏ
ခေါင်းကို သံရိုက်သွင်းပြီး
ဒီကြေးနဲ့ ဈေးခေါ်ရတာ
မငြိမ်းချမ်းလိုက်တဲ့ ဘ၀ ။

သီချင်းကမ်းပါးတွေ
ကျိုးကြေနေတာ မြင်မကောင်းဘူး
အလွမ်းမြစ်တွေက ခက်ထန်လွန်းတယ်။

ဘယ်သူ့ မှ မပြောဖြစ်တော့
ဘယ်သူမှမသိလိုက်ဘူး
ဝါဆိုအမှီလေး လက်ထပ်သွား။

ဧ၀ရက်ပေါ်
ခဏခဏ တက်ရပ်ပြရတာ
ဒေ၀ဒတ်ဆန်တယ်
အသားတုန်နေရင်တောင် မြက်မစားဘူး
မျိုဖူးလား
မြေကြီးက လက်မခံတဲ့ မျိုးစေ့ တွေ။

ကျမ်းသစ္စာကျိန်ဆိုတဲ့ အခါ
အချစ်ကငှက်ဖျားရှိတာ မရှိတာနဲ့ မဆိုင်တော့ ဘူး
တစ်မျိုးစီ လိပ်နေကြတဲ့ လိပ်တွေ
တီးရခက်တဲ့ ဗုံတွေ။

သံချေးတက်နေတဲ့ ဓါးတွေတောင်
သူ့ အသံကြားရင် လွမ်းလွမ်းနေသေးတာ
အလွမ်းဓါတ်ခံကောင်းတဲ့ မြို့ ။

ထွက်ပြေးလွတ်မြောက်ဖို့
မဖြစ်နိုင်တော့တဲ့ အခါ
ယဉ်ယဉ်ကျေးကျေး ခေါင်းထိုးပေးခဲ့ တယ်။

Thursday, May 14, 2009

ပင်လယ်ဝသို့ ငါးဖမ်းထွက်ခြင်း

Posted by ဏီမိုးz | Thursday, May 14, 2009 | Category: | 0 comments

အချစ်က
ချမ်းတတ်တဲ့ ဆောင်း
အေးတတ်တဲ့ နွေ
ဆံနွယ်လေးတွေ ပင့် သပ်တင်လိုက်တာကအစ
တောင်ကြီးမြို့လေးလို လှတယ်။

နှုတ်ခမ်းက ဘာမှမဆိုးပဲ နီနေတာ
မျက်နှာက ဘာမှမလိမ်းပဲဝင်းနေတာ
ကော့ ပျံနေအောင် ကြွေရုပ်ကလေးလိုလှတာ။

လူရှိတုန်း
တိမ်တွေပေါ် ကိုယ်ဖော့ ပြီးတက်ရတာ
ဆံပင်ရှည်ရှည် အရပ်မြင့် မြင့် အနား
ခြေဖျားထောက်ပြီး လမ်းလျှောက်ရတာ
ငှက်တွေတောင် သလောက် အလုပ်မရှုပ်ဘူး
ရုပ်တုတစ်ခုလို
ကိုယ့်ကိုလာလာ ကြည့်တယ်။

လေထုကိုထိန်းချုပ်တဲ့ စနစ်တွေလို
ကိုယ့်ကိုထိန်းချုပ်တဲ့ အချစ်တွေ
အ၀ါဆိုလည်း ပိုခုန်နေတဲ့ အ၀ါပေါ့
အပြာဆိုလည်း ပိုခုန်နေတဲ့ အပြာပေါ့
ပိုပြီး အစွန်းရောက်သွား။

မှတ်မိသလောက် အဲဒီနေ့က
လှေမပါဘူး ရွက်မပါဘူး
တက်မပါဘူး ပိုက်ကွန်မပါဘူး
အချစ်ဟာ ပင်လယ်ဝသို့
ငါးဖမ်းထွက်ခဲ့ တယ်။

နောက်ကျပြီးမှ ရောက်လာတတ်သလား
ခြေသံမကြားရခင်တော့ အချစ်ဆိုတာ .........။

Monday, May 11, 2009

အပြာ

Posted by ဏီမိုးz | Monday, May 11, 2009 | Category: | 0 comments

အခင်းဖြစ်ပွားတဲ့ ညက
လုပ်ငန်းစတာနဲ့
လမ်းပေါ်က အပြာတစ်စကို
ကောက်ကိုင်လိုက်တာ
အဲဒီကစ ပြာသွားတာ။

ကျွန်တော်သိပ်ချစ်တဲ့ ဒေစီအပြာ
လေတဟူးဟူး မိုးတ၀ုန်းဝုန်းအပြာ
ရေတောင် ထိလိုက်ရင်
ထိ ပြာ။

ဂစ်တာတီးကြည့်တော့လည်း
အသံတွေပြာနေတဲ့ အပြာ
အသားထဲ စိုက်ဝင်နေတဲ့ ချစ်ခွန်းဖွဲ့ သီ အပြာ။

ဟိုဇတ်ကားထဲက ဟိုမင်းသား မင်းသမီးလိုအပြာ
အသက်မပြည့် ရင် မ၀င်ရတဲ့ ၀တ်လစ်စလစ်အပြာ
လစ်တမစ်စက္ကူလို စွန်းထင်းလွယ်တဲ့ အပြာ။

မယောင်ရာ ဆီလူး
စာရေးဆရာယောင်ယောင် ကဗျာဆရာယောင်ယောင်
ကြက်ဥအဆံချောင် အကောင်မဖြစ်နိုင်တော့တဲ့ အပြာ။

သက္ကတစကား ၊ ဘမ်းစကား
နားမလည်တဲ့ အပြာ
နားလည်တဲ့ အပြာ။
အထူအပါး သဘောထားတွေနဲ့ မချိသွားဖြဲအပြာ။

ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
မိဘမေတ္တာပူဇော်တဲ့ အပြာ
ဆွေပြတ်မျိုးပြတ်
ခွန်အားနဲ့ ပြေးထွက်လာတဲ့ တင်းနစ်ဘော်လုံးအပြာ။

သမိုင်းလမ်းဆုံက
အိပ်မက်ကို ပုံဖော်ကြည့်နေတဲ့
ရန်ကုန်ပျက်လေးရဲ့ စိတ်ကူးယဉ် အပြာ။

အခင်းဖြစ်ပွားတဲ့ ညက
ရင်ဘတ်ပေါ်မှာ
ဘတ်လတ် ဘတ်လတ်
ကာလာဘလိုင်းအပြာတွေ
စိတ်ရှိလက်ရှိ
မိုးမွှန်နေတဲ့ အပြာ။

Wednesday, May 06, 2009

ကျားနာ

Posted by ဏီမိုးz | Wednesday, May 06, 2009 | Category: | 0 comments

----------------------------

လောင်းကြေးထပ်ဖို့
လူသာကျန်တော့တဲ့ အခြေအနေမှာ
ကမ္ဘာကြီးတောင် လုံးချေပစ်လိုက်ချင်တာ။

ကြယ်တွေက သရုပ်ဆောင်နေတာ မဟုတ်ဘူး
တောက်လောင်နေတာ
ရောင်တော်ပြန်နဲ့ မှ ချစ်မှာလား
ငါခြေလှမ်းမမှားသေးဘူး။

ဟီးဟီး ဟားဟား
ရီစရာတွေလည်းမရီနိုင်တော့တာ
မျက်လုံးသေသွားတာ
စကားနည်းသွားတာ
တစ်ယောက်ထဲတော့ စကားပြောဖြစ်ပါတယ်။

ပြန်တွေ့ရတဲ့ အိပ်မက်က
ဝမ်းနည်းမှုတွေနဲ့ အနိုင်ကျင့်ခံရတာ
ခံစစ်မလုံတဲ့ ငါ
နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းခံရတာ။

မုန်းတယ်
ရှုံးသွားရတာကို မုန်းတယ်
ကျားနာတစ်ကောင်လို
သွေးစက်လက်နဲ့ ပြန်ခဲ့ ရတာကို မုန်းတယ်
အရှင်လတ်လတ်ကျန်ခဲ့ တဲ့ မနက်ဖြန်တွေကို မုန်းတယ်။

လေကြီး မိုးကြီး
အတွေ့ အကြုံသိပ်များတဲ့ မျက်ရည်တွေ
ဒီအလွမ်းမှာ ခံနိုင်ရည် မရှိတော့ဘူး။

ငါ
ကြားရုံနဲ့တင် နာ တဲ့ ကျားနာ ။ .... ။


_________________________________

Monday, May 04, 2009

စိတ်လေပြီး သေသွားတဲ့ သစ်ပင်

Posted by ဏီမိုးz | Monday, May 04, 2009 | Category: | 0 comments

ပျင်းလွန်းလို့ နောက် ဆယ်စက္ကန့် ပဲ
အသက်ရှင်တော့မဲ့ သစ်ပင်ကွာ
အရသာ အရသာ
သေချင်းတရားမှာ အကန့်  အသတ်မဲ့ လှပမှုကိုတွေ့ တယ်
သွေးတိုးစမ်းခြောက်လှန့်မှုတွေကြား ခက်ထန်မှု ကတော့ အတိုင်း သားပဲ
ဒီအတိုင်းထားတာ ပဲ တခါတလေပိုကောင်း သယောင်ယောင်
စက်စက်ယိုကျနေတဲ့ သိမ်ဖျင်းမှုတွေကြား
ရှက်ရကောင်း မှန်းမသိတဲ့ ဖြောင့်လက်သီးတွေ ပင်နယ်တီတွေ
သူ့အရိပ်မှာ ဖျာဝင်ခင်းချင်ကြတဲ့ သူတွေ
လုပ်ကြံဇာတ်ခင်းပြီးမှ ရှင်းရခက်တဲ့ သူတွေ
နေရင်းထိုင်ရင်းလာပက်သက်တယ်။

အထွေအထူးတော့ မရှိပါဘူး
လန်ဒန်မှာ မိုးရွာလို့တဲ့
ရွာက နွားကြီးတောင် ပေါင်ကျိုးသွားတယ်လေ
ရေကြီးလို့နေမှာ
ဘုရားဖူးသွားရင်း မီးလောင်တာလေ
မောင်ရင်ငတေမိုက်ကန်းသည်
ပုဒ်ထီး၊ ပုဒ်မ။ အချမှာ
ယောက်ယက်ခတ်နေတဲ့ အပ်ချလောင်း သံဝဂ တွေပြန်ကြားတယ်။

တစ်ယူသန်သမားတွေမှာအယူခံမရှိဘူးကွဲ့
ဗေဒင်မေးရင် တောင် လွဲ နိုင်သေး
သတ်သေလိုက်ဖို့ ၀န်မလေးတဲ့ ကဗျာတွေပါကွာ
ကျေးဇူးခံ ကျေးဇူးစား ဆိုတဲ့
ကိုယ့်သက္ကရာဇ်ကိုယ်မေ့ နေတဲ့ လူမွေးလူတောင်တွေကြားမှာ
မျက်စိစပါးမွေးစူးအောင် လေတယ်

ဇတ် မြှုတ်တယ်ဆိုတာ ဇတ်မြုပ်သွားတာမှမဟုတ်ပဲ
ပက်သက်မှုမှာ ရေစက်တွေ ရေပုံးကြီးလောက်လိုတယ်
ထွေရာလေး ပါး ကို ကာရံ မခတ်နဲ့ 
စိတ်ကြီးဝင်နေရင် ဘာကာရံမှ အသက်မ၀င်ဘူး
ကိုယ့်ကိုယ်ကိုယ်တောင် မိုးမလုံတာ
တစ်ခြားသူ မိုးခိုခေါ်ဖို့လုံးဝ စိတ်မကူးရဲတာ ပြောပြောပြီးလေတယ်။

ထားလိုက်တော့ ကြေရာကြေကြောင်း
လမ်းလျှောက်တဲ့ ငါ့ အတွက် ပြေးတာက အမြန်ဆုံးပဲ
ခြေထောက်ပါရင်တော် ပြီကွာ
ဒါတောင် တစ်ချို့ က ခြေထိုး ပခုံးတိုက် ပွဲကြမ်းချင်သေးတယ်
ညာတာပါတေးနဲ့ အချစ်က အလစ်မှာ အခိုးခံရသေးတယ်
တဟားဟားနဲ့  လည်းညာဝါးခံရသေးတယ်
စိတ်ရှိတိုင်းသာ လူ့ အလို နတ်လိုက်ရင်
ဆင်းရဲသားနမိတ်ပုံတွေ ဘယ်ရှိတော့မလဲ
ဒီတစ်ခါတော့ ရေအိုးကို နောက်ပြန်ခွဲလိုက်ပြီ မင်းနဲ့ ငါ။

ခံစားမှုအပြည့်နဲ့ လေတော့ လေးမှာပေါ့ကွ
ရင်းထောင် ရင်းဆွဲတွေနဲ့ ငါလည်း နားပါရစေ
အရိုးထုပ်ပိုက်ပြီး အသံသေးအသံကြောင် လေတယ်
ရပ်မိရပ်ဖတွေနဲ့ လူကြီးစုံရာလေတယ်
ဘရစ်တနီစပီးယား အရူးဆေးရုံရောက်သလိုလေတယ်
နောက်တော့ လဲ ဒီဘူတာ ပဲ ပြန်ဆိုက်ပြီးလေတယ်
အောင်ဘာလေထီဆိုင်ကြီးနား၊
ရထားဆိပ် ကားဂိတ်နား သွားပြီး ငါ့ဟာ ငါ့ဟာ လို့ အော်အော်ပြီးလေတယ်
သူ့ပခုံးပေါ်က အကျီင်္ကြိုးသေးသေးလေးကို ကြည့်ပြီးလေတယ်
မွတ်ဆလင်တွေကြား ၀က်သားဟင်းစားမိသလို
အထင်မလွဲနဲ့ ကွာ.. လေရတာ ကသိကအောက်နဲ့ 
ကိုယ်သိမ်းပိုက်ချင်လာပြီနော် ပွေ့ပိုက်ပြီးကလူကလူ လေတယ်
မေး။ ဟဲ့ ဒါ ကဗျာလား ငမိုက်သားရဲ့ 
ဖြေ။ မသာရ ဓါးငှားရန် ရှိသည် စာစီစာကုံးရေးပြီး လေတယ်
စစ်ကမကြေငြာပဲ ခင်းတဲ့ အခါ
အာရုံငါးပါးမှာ တစ်ခုမှအကောင်းမကျန်တော့ဘူး
လေခြင်းကိုးဆယ့် ခြောက်ပါးနဲ့ ရုံခါပြီးလေတယ်။

ပြီးမှ တောက်မခေါက်ကြေး ဘွာမခတ်ကြေး
ငါ လေတာကို စိတ်ရှိလက်ရှိသာခံစားကွာ
ဒါတောင်မှ အတိတ်ကောက်တဲ့သူနဲ့ ၊ အထအနကောက်တဲ့ သူနဲ့ 
လွပ်လပ်မှု မရှိတဲ့ လေချင်းမျိုးနဲ့
သြော် ငါ့ ဘဝ..
ငါရေးတဲ့ ကဗျာတောင် ငါ မပိုင်ပါလားနော်။


xxxxxxxxxxxxxxxxxxxxxxxx
ညီမလေး Brenda နဲ့ GTalk မှာပြောဖြစ်တဲ့ စကားအပိုင်းအစတွေကို ကျွန်တော်မွှေနှောက်ခံစားကြည့်တာပါ။

တောယောင်ဆောင်တဲ့ သစ်ပင်

Posted by ဏီမိုးz | | Category: | 0 comments

ဘ၀ဟာ သစ်တစ်ပင်ဆိုပါစို့
သူမကဆံနွယ်လေးတွေ လေမှာဝဲတဲ့ သစ်ပင်
ကိုယ့်ကို ညတာရှည်စေတဲ့ သစ်ပင်ပေါ့
အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို တစ်လှည့်စီထုတ်ပေးနေတဲ့ သစ်ပင်

လေဟာနယ်ထဲမှာ ကိုယ်ဟန်ပြမယ်လေးလို
သွေးထဲမှာ အမြစ်တွယ်နေတဲ့ သစ်ပင်
ချိတ်ဆွဲထားရုံ။
မသိခင်ကတည်းက ကုန်သွားတဲ့မျော်လင့်ချက် သစ်သီးတွေ
ဖြုတ်ပြီးပြန်မတတ်တတ်တော့တဲ့
ရင်ခုန် လိုင်းပူး လှိုင်းမူးစေတဲ့ မာနအကိုင်းအခက်တွေနဲ့
ဒဏ္ဏရီထဲက သက်ရှိ သွေးနွေးသစ်ပင်။

ပိုးကြေးပန်းကြေးပြန်မရတဲ့ သစ်ပင်
ခေါင်းလောင်းထိုးပြီး လှူရတော့မဲ့ သစ်ပင်
မိုးတိမ်တွေကို မန်းမှုတ်ပျံဝဲစေပြီး
ပန်းပွင့်တွေကို အိပ်မွေ့ ချ၊ အိပ်မောကျစေတဲ့ သစ်ပင်
ပရောဂ တော်တော်ကြီးတဲ့ သစ်ပင်
စုန်းတွေကို ကျိန်စာသင်ပေးတဲ့ သစ်ပင်
မူးမြစ်တွေကို ချောင်းရေကြည်အကြောင်းပြောပြတဲ့ သစ်ပင်
မုန်တိုင်းကြားထဲမှာ နွဲ့ ရမလား တောင့် ခံရမလား မသိတဲ့ သစ်ပင်
ရိုက်မစစ်ပဲ အလိုလိုဖြောင့် ချက်ပေးတဲ့ သစ်ပင်
သစ်ရွက်တွေ ခြွေပြရတာ အတောင်ညောင်းလာတဲ့ သစ်ပင်
တောမီးကိုစလောင်စေတဲ့ သစ်ပင်
တွေးတောမှုရှိပြီး ပရိယယ် မကြွယ်တဲ့ သစ်ပင်
သူ့ကိုယ်သူ အိမ်လုပ်လိုက် ဓါးတွေ လှံတွေလုပ်လိုက်
တစ်ပင်တည်း တောယောင်ဆောင်တဲ့ သစ်ပင်
အမွေဆိုလို့ နာမည်ဆိုးပဲရှိတဲ့ သစ်ပင်ပါ

ကမ္ဘာမြေရဲ့ ၀မ်းစာကိုစားသုံးဖို့ သားရဲတွင်းထဲဆင်းတဲ့ သစ်ပင်
စွပ်စွဲလှချည်လား အနာကိုလည်းထည့်တွက်ဦး ဆိုတဲ့ မြုပ်ကွက်မရှိတဲ့သစ်ပင်
သာကူးအဘိဓမ္မာတွေနဲ့ ဇတ်တူသားစားတဲ့ သစ်ပင်

အသက်နဲ့ ရင်းပြီးထိန်းသိမ်းထားရတဲ့ အရွက်တွေအခက်တွေ
နောက်ဆုံး အဆိုးအကောင်းကိုတောင် မဖြေရှင်းချင်အောင် ငြီးငွေ့ သွားတဲ့ သစ်ပင်
အလွယ်လမ်းဆို အသာတကြည်ထလိုက်သွားချင်တဲ့ သစ်ပင်
အပရိကတွေနဲ့ အတွေးခေါင်နေတဲ့ သစ်ပင်
ကျောချင်းကပ် ရင်မဆိုင်ရဲတဲ့ သစ်ပင်
သွေးမရှိပဲ ကိုယ့်လက်မကိုယ်စုပ်နေတဲ့ သစ်ပင်
ပိုးဖလံတွေကို အရောင်ပြောင်းစေတဲ့ သစ်ပင်
စိတ်ဓါတ်ကျ ရမှာတောင် စိတ်ဓါတ်ကျ သွားတဲ့ သစ်ပင် ကွာ။

ဆီလိုအပေါက်ရှာပြီး လွမ်းလွမ်းနေတဲ့ သစ်ပင်
ဇာတိမာန်တွေ ဖုန်တက်နေတဲ့ ကိုယ်လွတ်ရုန်းသစ်ပင်
ပြီး ... လေလွင့်ရာ က ငေါက် ကနဲ ထထိုင်မဲ့ သစ်ပင်

အရှုပ်မခံနဲ့
မီးရှို့ရင်တောင် ထင်းဖြစ်ရင်ကံကောင်း
သစ်ပင်ပြန်မဖြစ်တော့တဲ့ သစ်ကိုင်းသစ်ပင်
အဲသလို ည ည မှာ
သစ်ပင်တွေပျင်းလို့ အော်တဲ့ အသံကို သင်ကြားဖူးပါသလား။


____________________________________________
ဒီကဗျာကို Brenda ဆိုတဲ့ ညီမလေးဆီက သဲလွန်စရခဲ့ပါတယ်။