Monday, November 23, 2009

သုတေသန စာတမ်း

Posted by ဏီမိုးz | Monday, November 23, 2009 | Category: |


အိပ်ဆေးသောက်ပြီး မပျောက်တဲ့ အနုမာနတွေ ကြုံတဲ့ အခါ
သက္ကရာဇ် အဟောင်းတွေကို ပြန်ထုတ်ကြည့် မိတတ်တယ်။
ပကတိတန်ဖိုးနဲ့ အချစ်ရဲ့သင်္ကေတတွေမှာ
ရည်ရွယ်ချက် တစ်မျိုးစီ တစ်ခုခု တစုံတရာ
အကြောင်းအရာမဲ့ နေရင် အန္တရာယ်ရှိသလား။

ဆန့် ကျင်ဘက် သဘော သဘာဝအရ
အလိုလိုခံစားသိနဲ့ ဖြစ်ပေါ်လာတဲ့ ရိုးရှင်းတဲ့ အချစ်မှာ
ကြည်နူးပျော်ရွှင်စေချင်တဲ့ ပေးဆပ်ခြင်း
စေတနာ အနည်းအများ တွေက အချစ်ရဲ့ အတိမ်အနက် တွေပဲ။

ဝမ်းနည်းနာကျင်စေတဲ့ လစ်လျူရှုမှုတွေက အချစ်လားမေးရင်
ကိုယ်ချစ်တဲ့ သူ စိတ်ချမ်းသာဖို့ အတွက်
လက်တလော ပျော်ရွှင်မှုထက်
အမြော်အမြင် ရှိရှိ ကိုယ့် အတ္တကို စတေးပစ်ရဲတာက
ဥာဏ်ပညာရှိသော ပိုပြီးမြင့် မြတ်တဲ့ အချစ် ဖြစ်ကောင်းဖြစ်မယ်။

ရူးသွပ်မှု၊ အရင်းအနှီးအနည်းအများ၊ အရှုံးအနိုင်
မြှောက်ထိုး ပင့် ကော် ရေတို အချစ်က
ပျက်စီးရာ ပျက်စီးကြောင်းတွေပဲ။
ဟုတ်ပါတယ် အချစ်က ထိန်းချုပ်မရပဲ ပေါ်လာတာ
ဒါပေမဲ့ ဆင်ခြင်စိတ်၊ စူးစမ်း လေ့လာ ခွဲခြား သိတဲ့ စိတ်က
လူ့ တန်ဖိုးတွေလေ။

လက်တွေ့ ကျကျ အိပ်မက်ကျကျ ယူပုံ ယူနည်းကွာမယ်။
ခွက်ထဲကို သူဆန့် သလောက် ရေပဲ လောင်းထည့် လို့ရတာ
ငါးတွေ ရှင်သန်ဖို့ ကူးခတ်နေတာတော့ အားလုံးအတူတူပါပဲ။

ပိုပြီးတောက်ပဖို့ က အပူလိုအပ်တယ်။
စိန်မှာလည်း စိန်ဖြစ်လောက်တဲ့ မီးရှိခဲ့ တယ်။

ရေမှာ လေမှာ အောက်ဆီဂျင်ထုတ်လိုက်ရင်
အဆိပ်ပဲ ကျန်ခဲ့ မှာပေါ့ ။
ကိုယ်နဲ့ တစ်ထပ်တည်းကျမဲ့ အဖော်၊ ပတ်ဝန်းကျင်
သင့် တော်ရာရာရွေးလို့
အဆိုးအကောင်း အတွေ့ အကြုံ တွေနဲ့
ဆက်လျှောက်ရမဲ့ စာမျက်နှာတွေပဲ
မင်းမရှိတော့ တဲ့ ကမ္ဘာမှာ
ကျန်တာမင်းပဲ ဆက်ပြောလိုက်တော့ လေ ....။

Currently have 0 comments:


Leave a Reply