Thursday, April 23, 2009

တောရောက်ရောက် တောင်ရောက်ရောက် အသံများ

Posted by ဏီမိုးz | Thursday, April 23, 2009 | Category: |

__-____-____-____-____-____-____-____-____-____-____-__

သံပတ်လျော့နေတဲ့ နှိုးစက်တွေ
အိပ်မက်ဟောင်းထဲကနေခုန်ထွက်ဖို့
အားကောင်းနိုး နမိတ်ပုံဆန်းတွေ
ငါ့ဆီမှာ ရှာတယ်။

ငါမွေးဖွားခဲ့တာ
မျက်ကလူး ဆန်ပြာ ဖြစ်ဖို့
ရေအောက်ကြမ်းပြင်ကနေ မစ်ခီးလ်ဝေးအလွန်ထိ
ကူးခတ်နေတဲ့ နေရောင်ခြည်အောက်မှာ
အသက် ၀င်နေတဲ့ ပိုးမွှားတွေ၊ ငင်နေတဲ့ ပိုးမွှားတွေ။

သုညမကင်းတဲ့ ရုပ်ကြွင်းသင်္ချာ
ဓါတ်တူနံတူ ပုလင်းတူ ဘူးဆို့တွေ
ရာစုအဟောင်းထဲက ခုန်ထဖို့
နောက်တစ်လှမ်းဆုတ်ရမှာအမှန်။

သူပြန်မလာတော့ဘူးလို့ ပြောတယ်
စူးစူးနစ်နစ် ဘယ်နည်းနဲ့ မှအလွမ်းမပြေဘူး
နည်းနည်းနောက်ကျတာနဲ့
အားလုံးနောက်ကျကုန်တော့တာ။

အလင်းနှစ် ဝေးဝေး လမ်းမတွေ
ရိုးမကို လေဖိအားနည်း နည်းစေတဲ့ ပုဆိန်ချက်တွေလို
ငါ့ကို နှစ်သိမ့်ဖို့ ပညာရှိလေတွေ တိုက်ပါ
နာမ၀ိသေသနတွေ အများကြီးထဲက
အလင်းစတစ်ချို့ကို ငါယူတယ်

ကိုယ်ဟန်ပြမယ် ကိုယ်ပေါ်က
ကုန်ပစ္စည်းကြောငြာ နဲ့
ချစ်သော ဇီးရွက်မျက်နှာများ
အရှိန်နဲ့ လူးလွန့်နေပြီးမှ
တွေ့ကရာမျက်နှာဖုံးတစ်ခုကိုကောက်စွပ်လာတယ်။

မှတ်ပုံတင်ထဲမှာ ၀ဲဘက်လက်ဖျံ အမာရွတ်ရှိ
ရေလျှံနေတဲ့ တစ်ဆွေ့ခုန် နှစ်ဆွေ့ခုန်အဆိပ်တွေ
မျက်နှာချင်းဆိုင်ကနေ
ကင်မရာထဲကိုတိုက်ရိုက်ဝင်လာတဲ့ အသံတွေ
လေဒဏ်မိုးဒဏ် တောလဲသံတွေ
တစ်မေ့တစ်မော ကိုယ်လွတ်ရုန်းပြေးတဲ့ ချောင်းတွေမြောင်းတွေ
လရောင်တို့ ရဲ့ အိမ်ရှေ့မှာမှ
ဝါးလုံးကားတွေက ခဏခဏဖြတ်တယ်။ညဲ။

ချဉ်ရင်သကြား ချိုရင် သံပုရာ
အဲလို ပြောင်းပြန်အဘိဓမ္မာတွေပါ
လူခြေတိတ်မှ ဗိုက်ဆာရင်
ဟိုနားမှာ အလင်းဆိုင်ရှိတယ်
အလင်းတွေ ရောင်းလားမေး
ခေါင်းကုတ်ပြီးမှ မျက်စိတွေကျိန်းစပ်စေတဲ့ မီးတောက်တွေလို့ ဖြေမှာ။

သဘာဝက အရှိအတိုင်းညာတယ်
တစ်ခါတစ်လေ အတုကအစစ်ထက်ပိုလှတာမျိုး
ရဲပတောင်းခတ်နေတဲ့ အ၀ါတွေ အ၀ါတွေ။

ရှေ့မှာ ရုပ်ဖျက်ထားတဲ့ လမ်းမတွေက လိုင်စင်ဖမ်းနေတယ်
ဗုံးဆိုတာနဲ့ ဟီရိုရှီမားကတုန်တုန်တက်လာတာမျိုး
ငါ့ နောက်ပစ်တွေ သဝေထိုးတွေ လုံးကြီးတင်တွေ
အစဉ်အဆက်မှားခဲ့ကြတဲ့ အက္ခရာစုံ တီးဝိုင်းမှာ
စိမ်ခေါ်ရင်တိမ်ပေါ်ထိလိုက်မယ်ဆိုတဲ့ ခပ်အစ်အစ်အသံတွေ
ကြားတယ် ပြောပါတယ်။

ကြုံသလို ဖွင့်ကူးဆေးလို့ရတဲ့ဖလင်အသစ်တွေ
မိုးလုံးပတ်လည် ကရွတ်ကွင်းလျှောက်သလိုသွား
အထိန်းသိမ်းခံရတဲ့ အဉ္ဇလီလို
အငိုလွယ်တဲ့ မိုးတွေ ဖုန်းမှားဝင်လာအုံးမယ်။

ဂက်စ်အိုးပေါက်မှာကြောက်တဲ့ ဘက်စ်ကားပေါ်က ခရီးသည်
စည်ပင်မမြင်တဲ့ နောက်ဖေးလမ်းကြားထဲက ရေယိုနေတဲ့ ပိုက်တွေ
ပျားတစ်ကောင်ရဲ့ အတ္ထုပတ္တိမှာ ပျားရည်က အခရာ
တောမကျွမ်းပဲနဲ့ မျက်ကန်းပုဏ္ဏားတွေ ဆင်စမ်းသလိုမျိုး
ကိုအငဲရေ လုပ်ပါအုံး တံဆိပ်မကပ်နဲ့။

ပေါက်ပန်းလေးဆယ်အလိုက်ကို လေချွန်တတ်ဖို့က
စက်ဘီးကိုလက်လွှတ်စီးသလို
ကိုယ်ဖော့တတ်ရတယ်။

သည်။သည်။သည်။ လား?လား?လား?
စာအုပ်ကြီးတွေက ဘောက်ဖတ်တွေလို နှေးတယ် လေးတယ်
နောက်တစ်နေ့မနက်နေထွက်တာကို မြင်ရဖို့က သိပ်မသေချာ
ပျက်ရယ်ပြုရင် ပျက်ရယ်ခံရဖို့ကသေချာ
သြော် ဟုတ်ကဲ့
ရေပါရင် ပြီးရော ယူလာရတဲ့ ဗူးတွေပါ
မင်းမူးချင် မူးလို့ရပြီ။

__-____-____-____-____-____-____-____-____-____-____-____-____-__

1 comment:

  1. ကျွန်တော်တို့ အသံတွေကရော ဘယ်ရောက်နေပြီလည်းမသိဘူး :)
    ကောင်းသောနေ့ပါ အကို ကဗျာတွေဖတ်ဖြစ်ပါတယ် :)

    ReplyDelete